မဟာဘုတ်ပညာ၊ ပက္ခတ် နဲ့ အိမ်ထောင်ရေး


(မိမိအိမ်ထောင်ဖက်က မိမိနှင့် ပက္ခ မိနေသလား ကြည့်ပါ)

ကမ္ဘာပေါ်မှာ တရုတ်လူမျိုးတွေနဲ့ အိန္ဒိယလူမျိုး (ဟိန္ဒူ) တွေဟာ အိမ်ထောင်ကွဲမူ့ အနည်းဆုံးပဲတဲ့။

(ဟိုတုန်းကပါ၊ လွန်ခဲ့တဲ့အနှစ် (၅ဝ) ဟိုဘက်လောက်ကပါ) အခုတော့ သူတို့လည်း ကမ္ဘာနဲ့အမှီရင်ဘောင်တန်း လာကြပါပြီ။ အိမ်ထောင်ကွဲမူ့တွေ များလာကြပါပြီ။

ဟိုတုန်းက ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးဖြစ်တဲ့ အဓိကလူမျိုးကြီး (၂) ခုမှာ အိမ်ထောင်ကွဲမူ့ ဘာကြောင့် ဒီလောက်နည်းရတာလည်းဆိုတာကို လေ့လာကြည့်တော့

သူတို့လူမျိုးတွေမှာ အိမ်ထောင်ပြုပြီဆိုရင် “သေတပန် သက်တဆုံး” ပေါင်းသင်းသွားကြရမယ်ဆိုတဲ့ အသိတရားကို

ကိုယ့်လူမျိုးရဲ့ ဓလေ့ထုံးတမ်းတစ်ခုအဖြစ် နက်နက်ရှိုင်းရှိုင်း ခံယူခဲ့ကြတာက အဓိကကျတဲ့အကြောင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။

ဒီထက်ပိုပြီး နောက်ကွယ်ကနေ အဓိကကျတဲ့ အကြောင်းတစ်ခုကလည်း ရှိပါသေးတယ်။

အဲဒါကတော့ သူတိုလူမျိုးကြီး (၂) မျိုးဟာ အိမ်ထောင်ပြုတဲ့ နေရာမှာ ယောင်္ကျားလေးနဲ့ မိန်းကလေးဇာတာခြင်း တိုက်ဆိုင်ကြည့်ပြီး “တည့်တယ်” ဆိုမှ အိမ်ထောင်ချပေးလေ့ရှိကြတာ အတော်များပါတယ်။

တရုတ်လူမျိုးတွေဆိုရင် သူတို့မွေးဖွားတဲ့နှစ်အပေါ်မှာ မူတည်ပြီး ကျားနှစ်၊ နွားနှစ်၊ နဂါးနှစ်၊ မြွေနှစ်၊ ဆိတ်နှစ် စသည်ဖြင့် ရှိကြပါတယ်။

မြန်မာလူမျိုးတွေ ကိုယ့်ကိုယ်ကို ငါဘာနေ့သားလဲဆိုတာ မြန်မာတိုင်းသိကြသလို၊ တရုတ်လူမျိုးတွေဟာလည်း ငါ ဘာအကောင်ဖွားဆိုတာ တရုတ်တိုင်း သိကြပါတယ်။

တရုတ်လူမျိုးတွေဟာ ကိုယ့်သားသမီးကို အိမ်ထောင်ချပေးတော့မယ်ဆိုတာနဲ့ တစ်ဖက်က ယောင်္ကျားလေး(သို့) မိန်းကလေးဟာ ဘာအကောင်ဖွားလဲဆိုတာကို အရင်ဆုံးလေ့လာကြပါတယ်။

အကောင်ခြင်းမတည့်လို့ကတော့ ပေးစားတယ်ဆိုတာ ဟိုဘက်ခေတ်တွေတုန်းက မရှိသလောက်ပါပဲ။ အနည်းဆုံး တရုတ်မိဘ ၉ဝ% လောက်ကတော့ မိန်းကလေးနဲ့ ယောင်္ကျားလေး အကောင်ခြင်း တည့်/မတည့် အပေါ်မှာ မူတည်ပြီး အိမ်ထောင်ချပေးလေ့ရှိကြပါတယ်။

အိန္ဒိယလူမျိုးကျပြန်တော့လည်း ဗေဒင်နက္ခတ်ပညာ အလွန်ထွန်းကားတဲ့နိုင်ငံဖြစ်လို့ လူတိုင်းဟာ မွေးဖွား လာကြတာနဲ့ ဇာတာတစ်စောင်စီတော့ ရှိကြပါတယ်။

အိမ်ထောင်ပြုကြတော့မယ်ဆိုတာနဲ့ ဗေဒင်ဆရာဆီကိုသွားပြီး သတို့သားလောင်း နဲ့ သတို့သမီးလောင်းတို့ ဇာတာခြင်း တိုက်ကြည့်ကြပါတော့တယ်။

အိန္ဒိယလူမျိုးတွေ အဓိကသုံးကြတာတော့ “စန်းယှဉ်နက္ခတ်” ကို အသုံးများပါတယ်။

မြန်မာနိုင်ငံမှာတော့ “လူနက္ခတ်၊ နတ်နက္ခတ်၊ ဘီလူးနက္ခတ်” ဆိုပြီး လူသိများပါတယ်။

များသောအားဖြင့် နက္ခတ်ခြင်း သင့်မြတ်ရင်ပေးစားလိုက်ကြတာများပေမယ့် အချို့အလွန်အမင်းအယူသည်းတဲ့ လူစားမျိုးကျပြန်တော့လည်း

ဇာတာနှစ်ခုလုံးမှာ အိမ်ထောင်သာယာချမ်းမြေ့မူ့၊ စီးပွားရေး ကံကောင်း/မကောင်း၊ အိုမင်းသည်အထိ ပေါင်းဖက် နိုင်မှုရှိ/မရှိက အစ အသေးစိတ်လေ့လာခိုင်းပြီး စိတ်တိုင်းကျမှ ပေးစားကြပါတယ်။

မြန်မာလူမျိုးတွေမှာကော ကိုယ်ပိုင်နည်းစနစ်ရယ်လို့ ရှိပါသလား။ ရှိရင်ကော ယုံကြည်လိုက်နာမူ့ ရှိပါရဲ့လား။

ကျွန်တော်လေ့လာကြည့်ပါတယ်။ မြန်မာလူမျိုးတွေမှာ ကိုယ်ပိုင်နည်းစနစ်ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ယုံကြည်မှုနဲ့ လိုက်နာမှုကတော့ အလွန်နည်းပါတယ်။

ဒါဆိုရင် မြန်မာလူမျိုးတွေက ဗေဒင်ပညာကို ယုံကြည်မူ့နည်းကြလို့လားလို့ မေးခွန်းထုတ်လေ့လာကြည့်တော့လည်း ဗေဒင်ပညာအပေါ်မှာ ယုံကြည်မှုတော့ တစ်ခြားလူမျိုးထက်စာရင် မနည်းလှပါဘူး။

ဒါပေမယ့် အိမ်ထောင်ချမယ်ဆိုရင် ဇာတာခြင်းတိုက်ဆိုင်မှုကတော့ မြန်မာလူမျိုးတွေမှာ အင်မတန်နည်းပါတယ်။

လူနက္ခတ်၊ နတ်နက္ခတ်၊ ဘီလူးနက္ခတ် နဲ့ရွေးတာဟာ မြန်မာ့မူ အစစ်မဟုတ်ပါဘူး။ အိန္ဒိယနည်းစနစ်ပါ။

ဒီနည်းစနစ်မှာလည်း နက္ခတ်ယူဆပုံတွေမှာ မူကွဲတွေ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့မြန်မာ့မူ၊ မြန်မာနည်းစနစ် အစစ်ကတော့ “မဟာဘုတ်ပညာနဲ့အိမ်ထောင်ဘက်ရွေးချယ်ခြင်း” ပါပဲ။

မဟာဘုတ်ပညာကို ဗေဒင်အဟောပိုင်းပညာမှာသာ အသုံးပြုပြီး အိမ်ထောင်ဘက်ရွေးချယ်မူ့ဘက်မှာတော့ မသုံးသလောက်ပါပဲ။

တိမ်မြုပ်နေတဲ့ “မဟာဘုတ်နဲ့ အိမ်ထောင်ရေးပညာ” ကို ဒီဘက်ခေတ်မှာ ပြန်လည်ဖော်ထုတ်ခဲ့သူကတော့ မြန်မာ့ရိုးရာဗေဒင်ပညာတွေနဲ့ ပတ်သက်လာရင် ကျေးဇူးအများဆုံးလို့ ဆိုရမယ့် “ဆရာဒဂုန်” ခေါ် “ဒေါက်တာဒဂုန်” ပါပဲ။

သူဟာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ မြန်မာ့နည်း၊ မြန်မာ့ပညာတွေကို အများဆုံးဖော်ထုတ်ခဲ့တဲ့သူ တစ်ဦးပါ။

ကျွန်တော်တို့တတွေကတော့ သူဖေါ်ထုတ်ခဲ့တဲ့ ပညာရပ်တွေအပေါ်မှာ ပြန်လည်ဆင့်ပွားပြီး သုတေသနပြု ချဲ့ထွင်ရပါတယ်။

ကျွန်တော်ဟာ အိမ်ထောင်ရေး နဲ့ မဟာဘုတ်ပညာကို ဆရာဒဂုန် ဖော်ထုတ်ရေးသားမူ့အပေါ်မှာ ပြန်လည် တိုးချဲ့လေ့လာကြည့်တဲ့အခါမှာ မဟာဘုတ်ဟာ အိမ်ထောင်ရေးမှာ တော်တော်လေးကို အရေးပါပြီး မှန်ကန်မူ့များတဲ့ နည်းစနစ်ဖြစ်နေတာကို တွေ့ရပါတယ်။

တစ်ချိန်တုန်းကတော့ K.P စာအုပ်တွေကို လက်မှာကိုင်ပြီး “မဟာဘုတ်၊ မဟုတ်ပါ” လို့ ရှုတ်ချပြောဆို ခဲ့တဲ့ကျွန်တော်ဟာ အခုအချိန်မှာတော့ မဟာဘုတ်ကို လေးလေးစားစား လေ့လာနေရပါပြီ။

နိဒါန်းတွေက အတော်ရှည်လျားသွားပြီ ထင်ပါတယ်။ ကဲ – မဟာဘုတ်နဲ့ အိမ်ထောင်ရေးအကြောင်းကို စလိုက်ကြစို့ရဲ့။

ကျွန်တော့်ရဲ့ရှေ့က ဆောင်းပါးတွေမှာ ကိုယ့်ရဲ့ မဟာဘုတ်အဖွားတွေကို ကိုယ်တိုင်တွက်ယူတဲ့ နည်းတွေကို ဖော်ပြခဲ့ပါပြီ။

“ပုတိ၊ ဘင်္ဂ၊ မရဏ” ဆောင်းပါးတွေမှာ ဖတ်ကြည့်ပါ။ ကိုယ့်ရဲ့ မဟာဘုတ်ခွင်ကို ရပြီဆိုရင် မဟာဘုတ်ခွင်မှာရှိတဲ့ ပုတိ၊ ဘင်္ဂ၊ မရဏ နဲ့ အဓိပတိ ဆိုတဲ့ နေ့သားတွေဟာ ရှောင်ရမဲ့နေ့သားတွေပါ။

ဥပမာ (၁) ကြွင်းသမား တစ်ဦးဟာ ကိုယ့်မဟာဘုတ်ခွင်မှာ “ပုတိ၊ ဘင်္ဂ၊ မရဏ နဲ့ အဓိပတိ” ကျနေတဲ့ နေ့သားတွေဖြစ်တဲ့ တနင်္လာသားသမီး၊ တနင်္ဂနွေသားသမီး၊ ဗုဒ္ဓဟူး နဲ့ ကြာသပတေး သားသမီးတွေနဲ့ လက်ထပ်မယ်ဆိုရင် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်တတ်ပါတယ်။

အိမ်ထောင်မမြဲ ဖြစ်တတ်ပါတယ်။ သာယာချမ်းမြေ့မူ့ နည်းတတ်ပါတယ်။

အကြမ်းအားဖြင့် ပြောရရင်တော့ “ပုတိသားသမီး” ဆိုရင် သဝန်အလွန်တိုတတ်ပါတယ်။ ကိုယ့်မိဘဆွေမျိုးတွေနဲ့ အဆင်မပြေတတ်ပါဘူး။ သူလုပ်ချင်ရာလုပ်တဲ့ လူစားမျိုးပါ။ အိမ်ထောင်ဘက်နဲ့ ညှိနှိုင်းလို့ မရတတ်ပါဘူး။

“ဘင်္ဂသားသမီး” ဆိုရင်တော့ အိမ်ထောင်ပြုပြီးတာနဲ့ ငါအိမ်ထောင်ပြုတာ မှားသွားပြီလို့ နောင်တရစေမဲ့ အိမ်ထောင်ဘက်မျိုး ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ငရဲကျတာနဲ့ တူတဲ့ အိမ်ထောင်ရေးမျိုးလို့ ဆိုပါတယ်။

“မရဏသားသမီး” ဆိုရင်တော့ ဆတ်ဆတ်ထိမခံဘဲ ဘာမဟုတ်တာလေးနဲ့ ပြဿနာဖြစ်တတ်တဲ့ အိမ်ထောင်ရေးမျိုးဖြစ်မယ်လို့ ဆိုပါတယ်။

ယောင်္ကျားဆိုရင် အလွန်ဒေါသကြီးတတ်ပြီး မိန်းမဆိုရင်တော့ အမြဲတမ်းစိတ်ကောက်နေတတ်မယ်တဲ့။ ဒါပေမယ့် ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာတော့ အမှန်တကယ် ချစ်မြတ်နိုးကြသူများ ဖြစ်ပါတယ်တဲ့။

သိပ်မဆိုးလှဘူးပေါ့။ လေ့လာမိသလောက် ပြောရရင် ကိုယ့်မဟာဘုတ်ထဲက မရဏနေ့သားသမီးများဟာ ထင်သလောက် မဆိုးကြပါဘူး။ အိမ်ထောင်မြဲတတ်ကြပါတယ်။ ဒါပေမယ့် ခဏခဏ ကတောက်ကဆဖြစ်တတ်တယ်။

“အဓိပတိသားသမီး” ဆိုရင်တော့ ကိုယ့်အပေါ်မှာ အနိုင်ယူတတ်တဲ့၊ မလေးစားတဲ့ အိမ်ထောင်ဘက်မျိုးဖြစ်တတ်တယ်လို့ ဆိုပါတယ်။ နောက်ဆုံး ကိုယ်ဟာ သူ့သြဇာခံသာ ဖြစ်သွားတတ်ပါတယ်တဲ့။ လုပ်ချင်တာလုပ်တာကို ထိုင်ကြည့်နေရတဲ့ အဖြစ်မျိုးရောက်ရတတ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ချွင်းချက်တစ်ခုလည်း ရှိပါသေးတယ်။

အဲဒါကတော့ ကိုယ့်ရဲ့မဟာဘုတ်မှာ ကိုယ်ကိုယ်တိုင်ကလည်း ပုတိ၊ ဘင်္ဂ၊ မရဏ နေ့သားသမီး ဖြစ်နေပြီး အိမ်ထောင်ဘက်နေ့နံကလည်း (ကိုယ့်မဟာဘုတ်ထဲမှာ) ပုတိ၊ ဘင်္ဂ၊ မရဏ ပဲဖြစ်နေရင်လည်း အိမ်ထောင်ပြုလို့ရတယ် လို့ ဆိုကြပါတယ်။

ဒါကို လက်တွေ့သုတေသနပြုကြည့်တော့လည်း အမှန်များပါတယ်။

ဥပမာ- (၁)ကြွင်းဖွား မဟာဘုတ် ခွင်မှာ မွေးတဲ့ ဗုဒ္ဓဟူးသားသမီးဟာ ကိုယ်တိုင်က “မရဏ” သားသမီးဖြစ်လို့ သူ့မဟာဘုတ်ခွင်ထဲက တနင်္ဂနွေသားသမီးနဲ့ လက်ထပ်မယ်ဆိုရင် အိမ်ထောင်မြဲတတ်ပါတယ်တဲ့။

(အထူးသဖြင့် နေ့သားသမီး အချင်းချင်း “ရန်ဘက်ကျ” နေရင် ပိုပြီးကောင်းတာကို တွေ့ရပါတယ်။

ရန်ဘက်ကျတယ်ဆို “ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ” ဆိုတဲ့ လင်္ကာအတိုင်း “စနေနဲ့ကြာသပတေး၊ သောကြာနဲ့ တနင်္လာ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး၊ ရာဟုနဲ့အင်္ဂါ” ဆိုတဲ့ နေ့သားသမီးချင်းလည်းဖြစ်၊ မဟာဘုတ်မှာလည်း ပုတိ၊ဘင်္ဂ၊ မရဏဖြစ်ရင် အိမ်ထောင်ရေး ခိုင်မြဲတတ်တာကို တွေ့ရပါတယ်။

ဒါပေမယ့် “ဘင်္ဂ” နဲ့ “ဘင်္ဂ” ခြင်းတော့ မရပါဘူး။ “ပက္ခတ်” မိတာကြောင့်ဖြစ်ပါတယ်။ “ပက္ခတ်” အကြောင်းကို ရှေ့မှာ ဆက်ဖတ်ကြည့်ပါ။

ကိုယ့်မဟာဘုတ်ခွင်ထဲက ကျန်တဲ့ “အထွန်း၊ သိုက် နဲ့ ရာဇ” ဖွားတွေကတော့ ယေဘူယျအားဖြင့် ကောင်းတယ် လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး အရေးကြီးတဲ့ အကြောင်းတစ်ခု ရှိပါသေးတယ်။

အဲဒါကတော့ ကိုယ့်နဲ့ “ပက္ခတ်” ကျနေတဲ့ နေ့သားသမီးဆိုရင် ရှောင်ကျဉ်ရပါမယ်။ “ပက္ခတ်” ကျတာ နှစ်မျိုး နှစ်စား ရှိပါတယ်။

(၁) မိန်းကလေးတစ်ဦးနဲ့ ယောင်္ကျားလေးတစ်ဦးဟာ ဘာအကြွင်းတွေပဲဖြစ်ဖြစ်၊ ဘာနေ့သားသမီးတွေပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်ဟာ –

တစ်ယောက်က ဘင်္ဂဖွား နဲ့ တစ်ယောက်က ဘင်္ဂဖွား ခြင်းတူနေရင်

တစ်ယောက်က မရဏဖွား နဲ့ တစ်ယောက်က အဓိပတိဖွား ဖြစ်နေရင်

တစ်ယောက်က အထွန်းဖွား နဲ့ တစ်ယောက်က ပုတိဖွား ဖြစ်နေရင်

တစ်ယောက်က သိုက်ဖွား နဲ့ တစ်ယောက်က ရာဇဖွား ဖြစ်နေကြရင် –

တစ်ဦးနဲ့ တစ်ဦး မွေးနံချင်း “ပက္ခတ်” ကျနေကြတဲ့အတွက် အိမ်ထောင်သာယာချမ်းမြေ့မူ့ကို နည်းပါးစေပြီး အဆင်မသင့်ရင် အိမ်ထောင်ကွဲပျက်တာအထိ ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ “ဥဿာ၊ စိန်ပန်း၊ ဒါန်းလှ၊ ကိုရှာ” ဆိုတဲ့ မိတ်ဘဲဖြစ်ဖြစ်” “အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း” ဆိုတဲ့ မိတ်ပဲဖြစ်ဖြစ်၊ ဖြစ်ချင်ရာဖြစ် အထောက်အကူမပေးနိုင်ပါဘူး။

“ပက္ခတ်” ဟာ အိမ်ထောင်ရေးမှာ အတော်လေးဒုက္ခ ပေးနိုင်ပါတယ်။ အိမ်ထောင်ရေးမှ မဟုတ်ပါဘူး။ နာမည်မှည့်ခေါ်တဲ့ နေရာမှာလည်း “ပက္ခတ်” မိနေတဲ့ နာမည်တွေဟာ အိမ်ထောင်ရေးမှာ ဒုက္ခပေးတတ်ပါတယ်။

(၂) ကိုယ့်ရဲ့ မဟာဘုတ်မှာ ကိုယ့်ရဲ့မွေးနံနဲ့ ပက္ခတ်ကျနေတဲ့နေ့သားသမီးနဲ့ လက်ထပ်ရင်လည်း “ပက္ခတ်” မိတာပါပဲ။

(၁)ကြွင်းဖွားမှာ
= တနင်္ဂနွေ သားသမီး ဟာ တနင်္ဂနွေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= တနင်္လာ သားသမီး ဟာ စနေသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= အင်္ဂါ သားသမီး ဟာ သောကြာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= ဗုဒ္ဓဟူး သားသမီးဟာ ကြာသပတေး သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိ ပါတယ်။

ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ ကြာသပတေးဆိုရင် ဗုဒ္ဓဟူးပေါ့။

(၂)ကြွင်းဖွားမှာ
= တနင်္လာ သားသမီးဟာ တနင်္လာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= အင်္ဂါ သားသမီးဟာ တနင်္ဂနွေသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= ဗုဒ္ဓဟူး သားသမီးဟာ စနေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= ကြာသပတေး သားသမီးဟာ သောကြာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ သောကြာ ဆိုရင် ကြာသပတေးပေါ့။

.

(၃)ကြွင်းဖွားမှာ
= အင်္ဂါ သားသမီးဟာ အင်္ဂါ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= ဗုဒ္ဓဟူး သားသမီးဟာ တနင်္လာသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= ကြာသပတေး သားသမီးဟာ တနင်္ဂနွေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= သောကြာ သားသမီးဟာ စနေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ စနေ ဆိုရင် သောကြာပေါ့။

(၄)ကြွင်းဖွားမှာ
= ဗုဒ္ဓဟူး သားသမီးဟာ ဗုဒ္ဓဟူး သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= ကြာသပတေး သားသမီးဟာ အင်္ဂါသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= သောကြာ သားသမီးဟာ တနင်္လာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= စနေ သားသမီးဟာ တနင်္ဂနွေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ တနင်္ဂနွေဆိုရင် စနေပေါ့။

(၅)ကြွင်းဖွားမှာ
= ကြာသပတေး သားသမီးဟာ ကြာသပတေး သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= သောကြာ သားသမီးဟာ ဗုဒ္ဓဟူးသားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= စနေ သားသမီးဟာ အင်္ဂါ သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= တနင်္ဂနွေ သားသမီးဟာ တနင်္လာ သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ် မိပါတယ်။

ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ တနင်္လာ ဆိုရင် တနင်္ဂနွေပေါ့။

.

(၆)ကြွင်းဖွားမှာ
= သောကြာ သားသမီးဟာ သောကြာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= စနေ သားသမီးဟာ ကြာသပတေးသားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= တနင်္ဂနွေ သားသမီးဟာ ဗုဒ္ဓဟူး သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= တနင်္လာ သားသမီးဟာ အင်္ဂါ သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ အင်္ဂါ ဆိုရင် တနင်္လာပေါ့။

(ဝ)ကြွင်းဖွားမှာ
= စနေ သားသမီးဟာ စနေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= တနင်္ဂနွေ သားသမီးဟာ သောကြာသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= တနင်္လာ သားသမီးဟာ ကြာသပတေး သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= အင်္ဂါ သားသမီးဟာ ဗုဒ္ဓဟူးသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ ဗုဒ္ဓဟူးဆိုရင် အင်္ဂါပေါ့။

ကိုယ့်ရဲ့ မဟာဘုတ် ခွင်ကိုချကြည့်ပြီး ကိုယ့်နေ့နံ နဲ့ သူနေ့နံဟာ (ဘင်္ဂ x ဘင်္ဂ) , (ပုတိ x အထွန်း) , (ရာဇ x သိုက်) , (မရဏ x အဓိပတိ) အနေအထားဖြစ်မဖြစ်ကို ကြည့်တာကတော့ သိပ်အခက်အခဲမရှိလောက်ဘူး ထင်ပါတယ်။

လုပ်ကြည့်ပါ။ ကိုယ့်ရဲ့ မဟာဘုတ် မှာရော၊ သူရဲ့ မဟာဘုတ်မှာပါ “ပက္ခတ်” အနေအထားတွေဖြစ်နေရင် ပိုအားကောင်းပါတယ်။ အားပိုပြင်းပါတယ်။

နောက်ဆုံး ကိုယ့်ရဲ့ နာမည်ကိုက “ပက္ခတ်” မိနေရင်လည်း အိမ်ထောင်ရေးအဆင်မပြေဖြစ်ခြင်းကို အနည်းနဲ့အများဆိုသလို ဖြစ်စေနိုင်ပါတယ်။

နာမည် “ပက္ခတ်” မိတယ်ဆိုတာ နာမည်တစ်ခုရဲ့ ရှေ့ဆုံးနေ့နံ နဲ့ နောက်ဆုံးနေ့နံဟာ အထက်ကပြောခဲ့တဲ့ (ဘင်္ဂ x ဘင်္ဂ) , (ပုတိ x အထွန်း) , (ရာဇ x သိုက်) , (မရဏ x အဓိပတိ) အနေအထားမျိုး ဖြစ်နေတာပါ။

(၁)ကြွင်းကိုပဲ ဥပမာထားပြီးပြောရရင် “အေးအေး” လိုနာမည်မျိုး(ဘင်္ဂ x ဘင်္ဂ)၊ “ယမင်း” လိုနာမည်မျိုး (မရဏ x အဓိပတိ)၊ “ခတ္တာ” လိုနာမည်မျိုး (ပုတိ x အထွန်း)၊ “သဉ္ဇာ” လိုနာမည်မျို း(ရာဇ x သိုက်) တွေဟာ “ပက္ခတ်” မိတဲ့နာမည်တွေဖြစ်နေတဲ့အတွက် အိမ်ထောင်ရေး အဆင်အပြေဖြစ်တတ်ပါတယ်။

ကျန်အကြွင်းတွေလည်း အထက်ပါအနေအထားမျိုး ရှိ/မရှိ လေ့လာကြည့်ပါ။ မခက်ပါဘူး။ သေသေချာချာဖတ် ကြည့်ရင် နားလည်သွားပါမယ်။

နောက်ဆုံးတစ်ခု အိမ်ထောင်ရေး အဆင်မပြေဖြစ်စေတဲ့အကြောင်းကတော့ ” အင်္ဂါဂြိုဟ် နဲ့ အိမ်ထောင်ရေး” ဆောင်းပါးမှာပါတဲ့

ယောင်္ကျားလေးရဲ့မဟာဘုတ်က သောကြာ (သို့) အင်္ဂါ နဲ့ မိန်းကလေးရဲ့မဟာဘုတ်က အင်္ဂါ (သို့) သောကြာနဲ့ ထပ်တဲ့သူနှစ်ဦး လက်ထပ်ကြမယ်ဆိုရင် အင်္ဂါဒေါသသင့်ပြီး အိမ်ထောင်ရေးကံ မကောင်းတတ်ပါ။

အိမ်ထောင်ကွဲတတ်ပါတယ်။ ဒီအကြောင်းကို သိချင်ရင် အဲဒီဆောင်းပါးကို ပြန်ဖတ်ကြည့်ပါ။

နောက်ဆုံးပြောချင်တာကတော့ မဟာဘုတ်ပညာဟာ လွယ်ကူတယ်၊ ရိုးရှင်းတယ်၊ အထင်ကြီးစရာ မရှိဘူး။

ဒါပေမယ့် နက်နက်နဲနဲလေ့လာကြည့်ရင် အမှန်များတယ်။ မြန်မာရိုးရာပညာစစ်စစ်ဖြစ်လို့ တန်ဖိုးလည်းထားသင့်ပါတယ်။

ဒီမဟာဘုတ် နဲ့ အိမ်ထောင်ရေး ဆောင်းပါးဟာ အိမ်ထောင်ကွဲသူ၊ အိမ်ထောင်ရေး အဆင်အပြေသူများစွာကို လေ့လာကြည့်ပြီးမှ ရေးတာဖြစ်လို့

အိမ်ထောင်ပြုတဲ့နေရာမှာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဒီနည်းစနစ်ကလေးနဲ့ ရွေးချယ်ကြည့်မယ်ဆိုရင် အိမ်ထောင်သာယာရေးကို အထောက်အကူများစွာဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

ဖတ်ရှု့သူအားလုံး ကျန်းမာချမ်းသာကြပါစေ

Credit

Leave a Reply

Your email address will not be published. Required fields are marked *