စာဖတ်သမား (၃) မျိုး

စာဖတ်ခြင်းမှာ ပုံစံ (၃) မျိုး ရှိနိုင်တယ်လို့အကြမ်းဖျင်း ယူဆမယ်။

၁။ ခံစားဖို့ အတွက် ဖတ်တာ။
၂။ သိဖို့ အတွက် လေ့လာတာ။
၃။ ခံစားဖို့ရော၊ သိနားလည်ဖို့ရော ဖတ်ကြတာ။

စာဖတ်သူ သုံးမျိုးလို့လည်း နားလည်နိုင်ပါတယ်။

ဒီအထဲမှာ၊ နံပါတ် (၃) ဖြစ်တဲ့ စာဖတ်သူ အမျိုးအစားဟာ အတော်များများရှိလိမ့်မယ်လို့ ထင်တယ်။

နောက်ထပ် များနိုင်တာကတော့ နံပါတ် (၁) စာဖတ်သူ အမျိုးအစား။ နံပါတ် (၂) အမျိုးအစားကတော့ ရာခိုင်နှုန်းအားဖြင့် နည်းနိုင်ပါတယ်။

သာမန် စာဖတ်သူဆိုတာ

လူတော်တော်များများက စာဖတ်တယ်ဆိုရင် စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး ဖတ်ကြပါတယ်။

သာမန် စာဖတ်သူဆိုတာကို အနက်ဖွင့်ချင်ပါတယ်။ ဘာရည်ရွယ်ချက်မှ သီးသီးသန့်သန့်ထားပြီး စာဖတ်တာ မဟုတ်ဘဲနဲ့ စိတ်လိုလက်ရ စာဖတ်ရတာကို ပျော်မွှေ့လို့ ၊ စာကောင်းတွေ့ရင် ဖတ်လိုက်တာ။

စာအုပ်ကောင်းလို့ ယူဆမိတာရှိရင် ဝယ်ဖတ်လိုက်တာမျိုးကို သာမန်စာဖတ်သမားလို့ သုံးနှုန်းချင်ပါတယ်။

ဒီတော့ သာမန် စာဖတ်သူအများစုကတော့ စာထဲမှာ ခံစားစရာရှိရင် ခံစားလိုက်မယ်။ သူနဲ့ နှီးနွှယ်ဆက်စပ်တာရှိလို့ သိမှတ်စရာတွေ့ရင် မှတ်ထားလိုက်မယ်။

ဒီလိုလူမျိုးဟာ သာမန်စာဖတ်သူပါပဲ။ သူနဲ့ နှီးနွှယ်တယ်ဆိုတာကို တမင်တကာ လိုက်မရှာဘူး။ သူနဲ့ ပတ်သက်တယ်ဆိုတဲ့အရာကို တကူးတက လိုက်မရှာဘူး။

သူ့မှာ ထူးထူးခြားခြား သိချင်တယ်ဆိုတာလည်း သိပ်မရှိလှဘူး။ သူနဲ့ ကြုံဆုံရာ စာအုပ် စာပေ စာစောင် စတာကို တွေ့လို့ ကောက်ဖတ်တယ်၊ သတိထားမိလို့ ကောက်ဖတ်တယ်၊ ဖတ်ကြည့်လိုက်အုံးမှ ဆိုပြီး ကောက်ဖတ်တယ်။

တခါတရံလည်း စာအုပ်ဆိုင်သွားမှဆိုပြီး စာအုပ်ဆိုင်မှာ ကောင်းနိုးရာရာစာအုပ် ရှာဝယ်လာခဲ့တယ်။ ဒီနေ့ခေတ် အင်တာနက် အွန်လိုင်းပေါ်မှာလည်း ဒီလူ့စာတွေ မဆိုးဘူး၊ ဒီအကြောင်းအရာက မဆိုးဘူးဆိုပြီး တွေ့လို့ ဖတ်လိုက်တယ်။

ဖတ်လိုက်တော့လည်း သူ့မှာ ရစရာရှိတာ ရလိုက်တယ်။ ဒါကို သာမန်စာဖတ်သူလို့ ခေါ်နိုင်ပါတယ်။

သူ့မှာ စွဲစွဲလမ်းလမ်း ဖြစ်တာ၊ ရူးရူးမူးမူးဖြစ်တာ သိပ်မရှိတဲ့သူလို့ မှတ်ယူနိုင်ပါတယ်။ ဒီလိုစာဖတ်သမားတွေက များနိုင်ပါတယ်။ ထားတော့။

သာမန် စာဖတ်သူမှာ၊ ခံစားမှု့ကို ပိုတောင့်တတာ။ အသိအချက်အလက်ကို ပိုလိုလားတာ ရာခိုင်နှုန်းအားဖြင့် အပြင်းအပျော့ရှိနိုင်ပါတယ်။

ဒါပေမယ့် သူ့မှာနည်းနည်းလေး ပိုတောင့်တတာပဲ ရှိတယ်။ ကာယကံမြောက် တစ်ခုခုကိုမှ အကောင်အထည်မဖော်ဖြစ်ရင် သူဟာ သာမန်စာဖတ်သူ တစ်ယောက်ပါပဲ။

စာဖတ်သမားတစ်ယောက်ရဲ့ ဝိသေသ

ဒီနေရာမှာ သာမန်စာဖတ်သူအဆင့်ကနေ တက်လာတဲ့ စာဖတ်သမားအကြောင်း ပြောချင်ပါတယ်။ သာမန်စာဖတ်သူအဆင့်ကနေ ကျော်လွန်လာတဲ့ စာဖတ်သမား တစ်ယောက်မှာတော့၊ သူ့မှာ သီးသီးသန့်သန့် ရည်ရွယ်ချက် ရှိလာပြီ။

ပြီးတော့ စာတွေဖတ်လာရင်း သူ့ကိုယ်သူ သိနေတယ်။ ငါဟာ ရသကို ပိုကြိုက်တာလား။ ငါဟာ အတွေးအခေါ်၊ ဒဿန၊ အကြောင်းဖြစ်ရပ်တွေကို လေ့လာဖတ်ရှုရတာ ပိုသဘောကျတာလားဆိုတာကို သူ့ကိုယ်သူ ခွဲမြင်လာပြီ။

ဒါဟာ သာမန်စာဖတ်သူအဆင့်ထက် ကျော်လွန်လာတဲ့ စာဖတ်သမားတစ်ယောက်ရဲ့ စရိုက်လက္ခဏာလို့လည်း ပြောလို့ ရပါတယ်။

စာဖတ်သမားတွေမှာ အမျိုးမျိုး ရှိပါတယ်။ ရသဝတ္ထုတွေကိုပဲ သဘောကျတာ။ ရသဝတ္ထုမှာလည်း ဂန္တဝင်ကို နှစ်ခြိုက်တာနဲ့ မော်ဒန်၊ ပို့စ်မော်ဒန် ဝတ္ထုတွေကို သဘောကျတာ ရှိနိုင်သေးတယ်။

အားလုံးကို ခံတွင်းတွေ့နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သေးတယ်။ တချို့ကျတော့လည်း ရသသက်သက်ကြီးက မကောင်းဘူး။

အကြောင်းဖြစ်ရပ်၊ အချက်အလက်နဲ့ ရောနှောထားတဲ့ သမိုင်းနောက်ခံဝတ္ထုတွေ သဘောကျပြန်ရော။

ဘယ်လို ဝတ္ထုအမျိုးအစားပဲဖြစ်ဖြစ်၊ လူ့စရိုက်တွေကို စိတ်ဝင်စားလို့ ဇာတ်ကောင်တွေရဲ့ သရုပ်ကို ကောင်းကောင်း ဖော်ညွှန်းနိုင်တဲ့ ဘယ်ဝတ္ထုကို မဆို ကြိုက်တယ်ဆိုတဲ့ စာဖတ်သမားတွေလည်း ရှိပြန်တယ်။

တစ်ခုခုကို ခံစားရမှ၊ ပျော်တာဖြစ်ဖြစ်၊ ကြည်နူးတာဖြစ်ဖြစ်၊ ဒေါသဖြစ်တာဖြစ်ဖြစ်၊ ကြေကွဲတာဖြစ်ဖြစ် ဘယ်လိုဖြစ်ဖြစ် ခံစားရရင် ဝတ္ထုပဲ။

ဒီလိုမျိုးဆိုရင် ဘယ်ဝတ္ထုကိုမဆို ဖတ်တယ်ဆိုတဲ့ စာဖတ်သမားတွေလည်း ရှိနိုင်တာပဲ။

စာဖတ်သမား ဆိုတဲ့အဆင့်ဟာ အပျင်းပြေ၊ အပျော်ဖတ်အဆင့်ကနေ ကျော်လွန်လာတဲ့သူကို ခေါ်တာဖြစ်ပါတယ်။

သာမန် စိတ်ဖြေဖျော်မှုအတွက် အချစ်ဝတ္ထုလေး ကောက်ဖတ်တာ၊ သိုင်းဝတ္ထုလေး ကောက်ဖတ်တာ၊ ဂမ္ဘီရဆန်ဆန် ဝတ္ထု လေးကောက်ဖတ်တာ၊ ကိုယ့်ရှေ့တွေ့တဲ့ ဂျာနယ်၊ မဂ္ဂဇင်းလေး ကောက်လှန်တာမျိုးကို စာဖတ်သမားတစ်ယောက် လို့ မခေါ်နိုင်ပါဘူး။

ခံစားမှု့ဘက် ပိုတိမ်းညွှတ်ကြတယ်

ဒီနေရာမှာ သိမြင်တွေးခေါ်နားလည်နိုင်ဖို့အတွက် ဖတ်တဲ့ သုတတွေရော၊ ခံစားဖို့အတွက် ဖတ်တဲ့ ရသတွေရော။ အားလုံးကို မျှမျှတတ ဖတ်တဲ့ စာဖတ်သမားတွေလည်း ရှိပါတယ်။

ဒါပေမယ့် ဘယ်လောက် မျှမျှတတဖတ်တယ်ပဲ ပြောပြော သူတို့ဟာ တစ်ဖက်ဖက်တော့ ပိုညွှတ်ကြတာများတယ်။

ရာခိုင်နှုန်း အချိုးနဲ့ ကြည့်ရင်၊ ၈၀ / ၂၀ အချိုး။ ၇၀ / ၃၀ အချိုး။ ၄၀ / ၆၀ အချိုး။ ၅၀ / ၅၀ အချိုးလို့ တွက်နိုင်တယ်။

မြန်မာပြည်မှာတော့ ပညာရပ်ဆိုင်ရာတွေ၊ ဘာသာရပ်ဆိုင်ရာတွေချည်း ရာခိုင်နှုန်းအများဆုံး လေ့လာဖြစ်တဲ့သူ နည်းမယ်ထင်တယ်။

အထူးသဖြင့် လူငယ်တွေထဲမှာ နည်းနိုင်တယ်။ လူငယ်ဆိုတာ စိတ်အားဖြင့်လည်း နူးညံ့လတ်ဆတ်နေသေးတော့ ခံစားမှု့ပိုင်းမှာ ပိုသာနေတာ သိပ်မဆန်းဘူး ထင်ပါတယ်။

ဒီနေရာမှာ ဖတ်တာနဲ့ လေ့လာတာကို ကျနော် ခွဲပြီး သုံးခဲ့ပါတယ်။ စာဖတ်သူ သုံးမျိုးမှာ .

၁။ ခံစားဖို့ အတွက် ဖတ်တာ။
၂။ သိဖို့ အတွက် လေ့လာတာ။
၃။ ခံစားဖို့ရော၊ သိနားလည်ဖို့ရော ဖတ်ကြတာ လို့ ပြောခဲ့တယ်။

ဖတ်တဲ့အဆင့်ကို ကျော်၍

စာဖတ်သမားတွေထဲမှာ၊ အနည်းစုသော စာဖတ်သမားတွေကတော့ ဖတ်တဲ့အဆင့်ကို ကျော်သွားတာ တွေ့ရတယ်။

သူတို့ကိုကြည့်ရင် စာအုပ်တစ်အုပ်ကို လှန်ပြီး စာဖတ်နေတာလို့၊ မြင်နေရတယ်။ အင်တာနက်အွန်လိုင်း screen ပေါ်မှာ စာဖတ်နေတယ်လို့ မြင်ကောင်းမြင်နေရမယ်။

ဒါပေမယ့် သူတို့ထဲက တချို့ဟာ ဖတ်တာမဟုတ်တော့ဘူး။ လေ့လာတာဖြစ်သွားပြီ။

သူတို့ သိချင်တဲ့အကြောင်းအရာ တစ်ခုခု၊ အဖြစ်အပျက် တစ်ခု၊ ဖြစ်စဉ် တစ်ခုခု၊ သဘောတရားတစ်ခုခု၊ သီအိုရီတစ်ခုခု၊ ပြဿနာ တစ်ခုခု၊ သမိုင်းတစ်ခုခုကို သေချာဂဃနဏ သိအောင် လေ့လာနေတာ။

လူကြီးသူမ မိဘတွေဟာ အော် ဒီကောင်လေး၊ ဒီကောင်မလေး စာဖတ်နေတာပဲ လို့ ထင်ကောင်းထင်မယ်။ တကယ်တော့ ဒီလူငယ်ဟာ စာဖတ်နေတာ မဟုတ်ဘူး။ လေ့လာနေတာ၊ ဆည်းပူးနေတာ၊ စူးစမ်းနေတာ၊ ရှာဖွေနေတာ။

သူ့မှာ ဦးတည်ချက် တစ်ခုခုရှိနေတယ်။ သူ့မှာ ရည်ရွယ်ချက် တစ်ခုခုရှိနေတယ်။ သူ့မှာ လုပ်စရာ တစ်ခုခု ရှိနေတယ်။

အဲသည့်အတွက် သူဟာ ဒီစာအုပ်ထဲက၊ ဒီအင်တာနက်ထဲကအရာကို လေ့လာနေတာ။ တမင်တကာ တကူးတက ရှာဖွေနေတာ။ ဒီလိုလူကျတော့၊ စာဖတ်သမားထဲမှာ အတော်အဆင့်မြင့်သွားပြီလို့ ခေါ်တယ်။

ဒီလို စာဖတ်သမားဟာ စာပေကနေ သူ့ရဲ့အသိနဲ့ ခံစားချက်ကို စနစ်တကျ တည်ဆောက်နေပြီ။ စာအုပ်တွေကနေ သူ့ရဲ့ ဦးနှောက်ထဲက အတွေးအခေါ်ကို ချဲ့ထွင်နေပြီ။

ပညာရပ်ဆိုင်ရာတွေ ဘာသာရပ်ဆိုင်ရာတွေထဲကနေ သူ့ အသိဉာဏ်ကို နက်နဲအောင်လုပ်နေပြီ၊ ကျယ်ပြန့်အောင် ချဲ့နေပြီလို့ နားလည်နိုင်တယ်။

စာပေကနေ၊ စာအုပ်ကနေ ဘဝကို အကျိုးပြုအောင် မဖြစ်မနေ လုပ်ဆောင်နေပြီလို့ ပြောလို့ ရတဲ့အဆင့်ကို ရောက်သွားပြီ။

မြန်မာပြည်မှာ ဒီလို စာဖတ်သမားတွေ လိုတယ်။

သာမန်ကာလျှံကာဖတ်တဲ့ ဝါသနာပါတယ်ဆိုတဲ့အဆင့်ကနေ အများကြီးကျော်လွန်သွားပြီ။

ဒီလို စာဖတ်သမားတွေ များလာမှ၊ တိုင်းပြည်ရဲ့ လူ့အဖွဲ့ အစည်းတွင်းမှာ အသိဉာဏ် ထုထည်ကြီးမားတဲ့ လူ့စွမ်းအားတွေ များလာမယ်လို့ ကျနော်ထင်တယ်။

သို့မဟုတ်ရင်တော့ စာဖတ်ပြီး လေဖောင်တဲ့သူတွေပဲ များမှာပဲ။ တကယ်တတ်သိနားလည်သူတွေ နည်းနေလိမ့်အုံးမယ် ထင်တယ်။

credit

Leave a Reply

Your email address will not be published. Required fields are marked *