သူ့ကျွန် မခံလိုသော မဟာဝံသသီရိဇယ သိုဟုံဘွားဘွဲ့ခံ မျိုးချစ် ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်


ဝန်းသို့ စော်ဘွားကြီး ဦးအောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ်၊ တပိုတွဲလဆန်း ၁၁ ရက်၊ (ခရစ်နှစ် ၁၈၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်) တနင်္ဂနွေနေ့ မွန်းတည့်အချိန်တွင် ဝန်းသိုမြို့၌ ဖွားမြင်သည်။

အဘ အမည်မှာ မင်းလှ သမန္တရန်ဆောင်ဘွဲ့ခံ ဝန်းသို စစ်ကဲ ဦးရွှေသာ ဖြစ်ပြီး၊ မိခင်မှာ သုဝဏ္ဏ ကာယ ဒေဝီဘွဲ့ခံ ဒေါ်ဒွေးဖြူ ဖြစ်သည်။

မွေးချင်း ညီအစ်ကို မောင်နှမ ခုနစ်ဦး ရှိရာ မောင်အောင်မြတ်၊ မသူဇာ (သောင်သွတ် စော်ဘွားကတော်)၊ မောင်ရွှေသိုက်၊ မယ်မူ၊ မယ်ဖန်၊ ခွန်ကျယ်၊ ခွန်ဆိုင်တို့ ဖြစ်ကြသည်။

မောင်အောင်မြတ်အား ငယ်စဉ်က ဝန်းသို ဆရာတော် ဦးဂုဏထံ စာပေ သင်ကြားစေရန် အပ်နှံထားခဲ့ရာ အခြေခံ မြန်မာ စာပေများကို အတော်အတန် တတ်မြောက်ပြီး သာမဏေဘောင်သို့ ဝင်ခဲ့သည်။

မောင်အောင်မြတ် ငါးနှစ်သား အရွယ် ၁၂၂၈ ခုနှစ်၊ တန်ဆောင်မုန်းလတွင် ဖခင်ဖြစ်သူ ဦးရွှေသာအား မဟာဝံသရာဇာ သိုဟုံဘွား ဟူသော ဘွဲ့ကို အပ်နှင်းလျှက် ဝန်းသို စော်ဘွားအဖြစ် တိုးမြှင့် ခန့်အပ်ခြင်း ခံရသည်။

ပထမ- မဟာဝံသရာဇာ သိုဟုံဘွား

ဒုတိယ- မဟာသိဒ္ဓိဇေယ သိုဟုံဘွား၊

သက္ကရာဇ် ၁၂၃၆၊ ၃၇ ခုနှစ်တွင် ရွှေအရှေ့ကြောင်း အလယ်ကြောင်း သံသုံးတာရွာ ဂဏန်းဘွား ဂဏန်းမ နန်းခမ်း ကျေးရွာနှင့်တကွ ကျေးရွာခရိုင် တိုးချဲ့၍ ထပ်မံချီးမြင့်ပြန်သည်။

နောက် သက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် မင်းတုံးမင်း ကြီး နတ်ရွာစံပြီး သားတော် သီပေါမင်းလက်ထက် ထပ်မံ ချီးမြင့်ပြန်လေသည်။

တတိယ- မဟာဝံသ သိရီရာဇာ သိုဟုံဘွားဟူ၍ တံဆိပ် ၃ လုံး ဘွဲ့ ၃ တန်ရရှိ၍ ထိုဘွဲ့များကို အပ်နှင်းလျက် ဝန်းသို စော်ဘွားအဖြစ် တိုးမြှင့် ခန့်အပ်ခြင်း ခံရသည်။

နယ်နိမိတ် အပိုင်းခြားများ
အရှေ့လာသော် ဧရာ၀တီ မြစ်လယ်ကြော ကေ မ္ဘာဇတိုင်းအထိ၊
တောင်ဘက်လာသော ရဲသာရွာ ဟလင်းကြီး သံသနဂရတိုင်းထိ၊
အနောက်ဘက်လာသော သလ္လာ၀တီ မြစ်လယ်ကြော မဏိပူရတိုင်းထိ၊
မြောက်လက်လာသော မိုင်းကောင်းနှင့် ကြောကိုင်း နရသုတဏ္ဍတိုင်းအထိ၊
အရှေ့မြောက်လာသော ကောက်ကွေ့ချောင်းထွက် ဧရာ၀တီအထိ၊
အရှေ့တောင်လာသော တမောအောက် ဇင်းချောင်းပေါက် ဧရာ၀တီအထိ၊
အနောက်တောင်လာသော ကလုံး ရွှေတွင်း သလ္လာ၀တီမြစ်အထိ၊
အနောက်မြောက်လာသော ဦးရူချောင်းထွက် သလ္လာ၀တီ မြစ်လယ်ကြောထိ ဖြစ်လေသည်။

ဤသို့ နယ်လေးရပ်၊ ရှစ်ရပ် သတ်မှတ်ပိုင်းခြားလျှက် ၅၅ ခရိုင်ဘွားစားရသည်။ ဤကား စော်ဘွား အဆက်ဆက်တို့၏ ဘွားစားရသောနယ်ပယ် အပိုင်းအခြားဖြစ်သည်။

မောင်အောင်မြတ် အရွယ်ရောက်သောအခါ သူ၏ ဆန္ဒအတိုင်း ဖခင်ဖြစ်သူ ဝန်းသိုစော်ဘွားကြီး ဦးရွှေသာက ကင်းဝန်မင်းကြီး ဦးကောင်းထံ အပ်နှံ၍ ထီးသုံးနန်းသုံး တရားဥပဒေပညာရပ်များနှင့်တကွ အုပ်ချုပ်မှု့ရေးရာ အဖြာဖြာများကို သင်ကြားစေခဲ့သည်။

သီပေါမင်းတရားထံတွင်လည်း ကွမ်းရေတော်ကိုင် အဖြစ် အမှု့ထမ်းရသည်။

ထို့ကြောင့် ဦးအောင်မြတ်သည် စာပေ ကျမ်းဂန် ဗဟုသုတတို့၌ လည်းကောင်း၊ ရှေးဟောင်း အနုပညာ၊ ရာဇဝင်၊ ကဗျာလင်္ကာများ၊ ဗေဒင်ပညာရပ်များ၌ လည်းကောင်း၊ အုပ်ချုပ်မှုရေးရာများ၌ လည်းကောင်း ကျွမ်းကျင်လာခဲ့သည်။

ဦးအောင်မြတ်၏ ဖခင် ဦးရွှေသာသည် မိုးကောင်းမြို့ဝန်အဖြစ် ပြောင်းရွှေ့ခန့်ထားခြင်းခံရသဖြင့် ဦးအောင်မြတ်သည် ၁၂၄၃ ခုနှစ်တွင် ဖခင်နေရာ ဝန်းသိုစော်ဘွားအဖြစ် သီပေါမင်းတရားက ခန့်အပ်ခဲ့သည်။

‘မဟာဝံသသီရိဇယ သိုဟုံဘွား’ ဟူသော ဘွဲ့ကိုလည်း ပေးသနားတော်မူသည်။

ဝန်းသိုမြို့သည် နေပြည်တော် မန္တလေးနှင့် အတန်ဝေးသောမြို့ဖြစ်၍ အအုပ်အချုပ် မကောင်းလျှင် နယ်ခြား နိုင်ငံရေးပြဿနာများ အချိန်မရွေး ပေါ်ပေါက်နိုင်သည်။

မီးဝေးချိပ်ပမာ ဆိုသကဲ့သို့ လူဆိုးတို့ အတန် သောင်းကျန်းသောနေရာ ဖြစ်သည်ဟုလည်း ကြားသိရသဖြင့်

လက်ရုံးရည်ပြည့်ဝသော မောင်အောင်မြတ်နှင့် သင့်လျော်သည်ဟု ကင်းဝန်မင်းကြီး ဦးကောင်းက သူ၏မှတ်တမ်း၌ ရေးသားထားခဲ့သည်။

ဝန်းသိုစော်ဘွားအဖြစ် ခန့်အပ်ခြင်းခံရစဉ်က ဦးအောင်မြတ်၏ အသက်သည် ၂၃ နှစ်သာ ရှိသေးသည်။

ဦးအောင်မြတ် စော်ဘွားဖြစ်ပြီး နောက်တနှစ်တွင် မိုးညှင်းဒေသတလျှောက်၌ ဗိုလ်ဝခေါင်းဆောင်သော သူပုန်များ ထကြွသောင်းကျန်းခဲ့သည်။

လူအင်အား သုံးထောင်ကျော် လေးထောင်ခန့်နီးပါး ရှိသော သူပုန်တို့အား နှစ်ထောင်မျှလောက်သာ အင်အားစုနှင့် အောင်မြင်စွာ နှိမ်နင်းနှိင်ခဲ့သည်။

သူပုန်ခေါင်းဆောင် ဗိုလ်ဝကိုပါ အသေဖမ်းမိခဲ့သည်။ သီပေါမင်း ကိုယ်တိုင်က အားရတော်မူလှသဖြင့် မောရိယမဟာဝံသ သီရိသုဓမ္မရာဇာ ဟူသောဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရသည်။

၁။ ပထမ- ဘွဲ့ မဟာဝံသသိရီဇေယ သိုဟုံဘွား

၎င်းနောက်မကြာမီ ၁၂၄၅ ခုနှစ် ပထမဝါဆို လဆန်း ၉-ရက်နေ့တွင် သိရီဇေယနှင့်လဲလှယ်၍ အဘစော်ဘွားကြီး လဲချားစော်ဘွားကြီးနည်းတူ ထီးအစီး အနင်းနှင့်တကွ ထပ်မံချီးမြင့်တော်မူပြန်သည်။


၂။ ဒုတိယ- မောရိယမဟာဝံသ သိရီ သုဓမ္မရာဇာ သိုဟုံဘွားဟူ၍ ဖြစ်သည်။


ထိုနှစ်တွင် စကာစော်ဘွားကြီး၏သမီးတော် မှန်နန်း အပျိုတော် စပ်ရွှေကြည်နှင့် လက်ဆက်ခဲ့သည်။

စော်ဘွား ဦးအောင်မြတ်သည် ဝန်းသိုမြို့တွင် ဟော်နန်းရှိသော်လည်း နယ်ပယ်ငြိမ်သက်ရေးကို ရှေးရှု၍ ဝန်းသိုမြို့ အနောက်မြောက် မိုင် ၃ဝ ကျော်သော ပင်လယ်ဘူးမြို့၌ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။

၁၂၄၇ ခုနှစ်တွင် တတိယ အင်္ဂလိပ်-မြန်မာ နောက်ဆုံးစစ်ပွဲ ဖြစ်ပွားခါနီးအချိန်တွင် တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်လာသဖြင့် သတင်းမှန်ရရှိစေရန် နေပြည်တော်သို့ အထောက်တော်များ စေလွှတ်စုံစမ်းခဲ့သည်။

နေပြည်တော်မှလည်း အင်္ဂလိပ်တို့အား တိုက်ခိုက်ရန် အတွက် စစ်သားများစုဆောင်းရန် စာချွန်တော် ရောက်လာသဖြင့် လက်နက် လူသူ အသင့် စုဆောင်းလျှက်ရှိသည်။

အထောက်တော်များ ပြန်လည်ရောက်ရှိသော အခါ သီပေါမင်း အင်္ဂလိပ်လက်သို့ ပါတော်မူပြီ ဖြစ်ကြောင်း ကြားသိရသဖြင့် အင်္ဂလိပ်တို့အား ပြန်လည် တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

သို့ရာတွင် အင်္ဂလိပ်တို့အား ပြန်လည်တိုက်ခိုက်ခြင်း မပြုဘဲ ငြိမ်သက်စွာနေရန် ကင်းဝန်မင်းကြီးထံမှ အမိန့်လွှာ တစောင် ရောက်လာသဖြင့်

အဖကဲ့သို့ လည်းကောင်း၊ ဆရာသမား ကဲ့သို့ လည်းကောင်း လေးစားအပ်သော မင်းကြီးအမိန့် ဖြစ်သဖြင့် ခက်ထန်သော စစ်စိတ် စစ်မာန်များကို မျိုသိပ်ထားခဲ့ရသည်။

အင်္ဂလိပ်လက်အောက်သို့ကား ဝင်ရောက်ခြင်း မပြုဘဲ သစ်လုပ်ငန်း၊ စပါးလုပ်ငန်းများကိုသာ လုပ်ကိုင် စားသောက်နေခဲ့သည်။

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ဦးစီးလုပ်ကိုင်သောသစ်လုပ်ငန်း ထွန်းကားရာနေရာကို မိမိတို့သာ ရရှိလျှင် ချက်ချင်းချမ်းသာနိုင်သည်ဟု စိတ်ကူးမိသူ အချို့က

ဦးအောင်မြတ်သည် စီးပွားရေးကို ဖိဖိစီးစီး လုပ်ကိုင်၍ ငွေကြေးစုဆောင်းကာ တော်လှန်ပုန်ကန်ရန် အကြံပြုနေသည်ဟု အင်္ဂလိပ်အရာရှိများအား ချောပစ်စကား ပြောဆိုကြသည်။

ထိုအခါ ဦးအောင်မြတ်ကို နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးလိုကြောင်း ကင်းဝန်မင်းကြီးအား အကြောင်းကြား စေခဲ့သည်။

ကင်းဝန်မင်းကြီးသည် ဦးအောင်မြတ်ကို နေပြည်တော်သို့ လာရောက်ရှင်းလင်းရန် ဆင့်ခေါ်ခဲ့သည်။

သို့ရာတွင် ဦးအောင်မြတ်က အရှင်သခင်များ မရှိသည့်နောက် နေပြည်တော်သို့ မလာရောက်လိုတော့ကြောင်း၊ တပါးကျွန်မခံလိုတော့ကြောင်း၊

အင်္ဂလိပ် မင်းနှင့်တကွ အင်္ဂလိပ်အရာရှိ ကိုယ်စားလှယ်တို့ကိုလည်း အရိုအသေမပြုလိုတော့ကြောင်း အကြောင်းပြန်လိုက်သည်။

ယင်းသို့ စာပြန်ပြီးနောက် အင်္ဂလိပ်များ လာရောက် တိုက်ခိုက်ပါက အသင့်ဖြစ်စေရန် ဝန်းသိုမြို့ ပတ်ဝန်းကျင်၌ သစ်တပ်မြို့ရိုးများ ဆောက်ခြင်း၊ ကင်းတပ်များ အထပ်ထပ်ချခြင်း၊ လူသူလက်နက် စုဆောင်းခြင်း စသည်များ ပြုလုပ်လာခဲ့သည်။

မက္ခရာမင်းသားကြီး၏ သားတော် ထိပ်တင်ရန်ပိုင်နှင့် မူးမတ်တစုတို့သည် အင်္ဂလိပ်တို့အား တိုက်ခိုက်ရာမှာ ရှုံးနိမ့်သဖြင့် ဦးအောင်မြတ်၏ဖခင် ဦးရွှေသာ၏ အကူအညီဖြင့် ယူနန်နယ်သို့ ဆုတ်ခွာလာခဲ့သည်။

ဦးရွှေသာကိုလည်း တော်လှန်ပုန်ကန်မှု့ အားပေးသည်ဟုဆိုကာ အင်္ဂလိပ်အစိုးရက ဖမ်းဆီးရန် အမိန့်ထုတ်ကြောင်း ဦးအောင်မြတ်သိသောအခါ ဖခင်ရှိရာ မိုးကောင်းမြို့သို့ သွားရောက်၍ အခြေအနေကို ဆွေးနွေးခဲ့သည်။

အင်္ဂလိပ်တို့ကား ဦးအောင်မြတ်တို့ သားအဖကို မဖမ်းသေးဘဲ ကင်းဝန်မင်းကြီးကို ဖျောင်းဖျနားချရန် စေလွှတ်လိုက်သည်။

ဦးအောင်မြတ် မိုးကောင်းသို့ သွားနေခိုက် ဖြစ်၍ ကင်းဝန်မင်းကြီးသည် ဦးအောင်မြတ်နှင့်မတွေ့ဘဲ မန္တလေးသို့ ပြန်ခဲ့ရသည်။

ကင်းဝန်မင်းကြီးမှ တဆင့် စေ့စပ်မရသဖြင့် အင်္ဂလိပ်အစိုးရသည် ဦးအောင်မြတ်၏ ငယ်ဆရာ ဝန်းသိုဆရာတော် ဦးဂုဏမှတဆင့် စေ့စပ်ပြန်သည်။

အင်္ဂလိပ်ကို ကျွန်အဖြစ်မခံလို၊ အင်အားပြည့်လာသည့်တနေ့ မန္တလေးကို တိုက်ယူပါမည်ဟု ဆရာတော်အား လျှောက်ထားခဲ့သည်။

စေ့စပ်မရသည့်အဆုံး၌ မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် အင်္ဂလိပ်အစိုးရသည် ခွန်းတောင်မြို့အုပ်နှင့် အခွန်ဝန် ဦးစံတို့ကို စစ်တပ်တတပ်နှင့် စေလွှတ်လိုက်သည်။

ဝန်းသိုမြို့ စော်ဘွားဦးအောင်မြတ်သည် အင်္ဂလိပ်တို့ စေလွှတ်လိုက်သော တပ်များကို မှန်ကင်းတောင် စခန်းမှ ဆီးကြိုတိုက်ခိုက်ရန် ချီတက်လာခဲ့သည်။

မှန်ကင်းတောင်စခန်းတွင် အင်္ဂလိပ်တပ်များနှင့် ဝန်းသိုစော်ဘွားတပ်များ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားရာ ရှုံးပြီး အင်္ဂလိပ်တို့ ဆုတ်ခွာခဲ့ရသည်။

တိုက်ပွဲဖြစ်ရာ မှန်ကင်းတောင်စခန်းတွင် ယခုတိုင် အမှတ်အသား စိုက်ထူထားသော ကျွန်းတိုင်ကြီးတတိုင် ရှိနေသေးသည်။

ကောလင်းမြို့ဘက်သို့ ဆုတ်ခွာသွားသော အင်္ဂလိပ်တပ်များကို ဝန်းသိုစော်ဘွားတပ်များက လိုက်လံတိုက်ခိုက်ရာ အင်္ဂလိပ်တို့ဘက်မှ စစ်ဗိုလ်တဦးနှင့် တပ်သားသုံးဦး ကျဆုံးခဲ့သည်။

အင်္ဂလိပ်တပ်များလည်း ကောလင်းမြို့မှ ထပ်ပြီး ဆုတ်ခွာရသည်။

ထိုအခါမှစ၍ ဝန်းသိုစော်ဘွား ဦးအောင်မြတ်၏ အမည်သည် အင်္ဂလိပ်မင်းအုပ်ချုပ်သည့် မန္တလေးမြို့မှသည် အောက်ပြည်ဒေသ ရန်ကုန်မြို့သို့ တိုင်အောင် ကျော်ကြားလာခဲ့သည်။

ရှုံးနိမ့်၍ ဆုတ်ခွာခဲ့ရသော အင်္ဂလိပ်တပ်များကို အားဖြည့်ရန် ၁၂၅၂ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ကသာမှ ဗိုလ် နစ်စဗက် ဦးဆောင်သော အမှတ် (၂ဝ) ခြေလျင်တပ်ရင်းနှင့်

ရွှေဘိုမှ ဗိုလ်ကြီး ကေရီ ဦးဆောင်သော မြင်းတပ်များ ရောက်ရှိလာ သဖြင့် ကောလင်းမြို့သို့ ပြန်၍ ချီတက်လာကြပြန်သည်။

ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် သူ၏ဝန်းသိုတပ်များနှင့်အတူ ဖခင်ဖြစ်သူ မိုးကောင်းမြို့ဝန်၏ တပ်များနှင့်ပါ ကောလင်းသို့ အပြင်းချီတက်ကာ အင်္ဂလိပ်များကို တိုက်ခိုက်သည်။

သို့ရာတွင် အင်အားချင်းမမျှသဖြင့် ရုတ်တရက် မြို့သို့ မချဉ်းကပ်သေးဘဲ မြို့ပြင်မှသာ ဝန်းရံနေ၍ အင်္ဂလိပ်တပ်များကို တောထဲသို့ မျှားခေါ်သည်။

ယင်းတိုက်ပွဲတွင် နှစ်ဘက်စလုံးမှ အကျအဆုံး ဒဏ်ရာရသူ များပြားသည်။ လက်နက် အင်အား လူအင်အားမမျှသဖြင့် ဆုတ်ခွာခဲ့ရသော်လည်း ဦးအောင်မြတ်၏တပ်များသည် အင်္ဂလိပ်တို့ကို အကြိမ်ကြိမ် ပြန်လှန်တိုက်ခိုက်မှု့များ ပြုခဲ့သည်။

ထိုနယ်မြေ ဒေသတဝိုက်၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားစေခဲ့သည်။

အင်္ဂလိပ် အစိုးရက ယင်းတို့၏ စစ်တပ်အတွက် ရွှေဘိုမှ နောက်ထပ်တပ်များ စစ်ကူရောက်လာရာ ဝန်းသိုတပ်များသည် တဖြေးဖြေးဆုတ်ခွာရင်း ကျိုင်းခွင်တောင်ကုန်း၌ တပ်စွဲ၍ အခိုင်အမာခုခံရာ အင်္ဂလိပ်တပ်များ မကပ်နိုင်အောင် ရှိခဲ့သည်။

အဝေးမှ အမြောက် သေနတ်များဖြင့် အင်္ဂလိပ်တပ်များက ပစ်ခတ်သော်လည်း ခပ်ဝေးဝေးမှ ပစ်ရသဖြင့် မျှော်မှန်းသလောက် မဖြစ်ဘဲ ဝန်းသိုစော်ဘွားတပ်များ အထိအခိုက် နည်းသည်။

နောက်ဆုံး၌ အင်္ဂလိပ်တပ်များသည် ကျိုင်းခွင်တောင်ကုန်းကို ပတ်၍စီးသော ဒေါင်းဖြူချောင်းကို အကျအဆုံးများစွာနှင့် ဖြတ်ကူးကာ ဝန်းသိုတပ်များကို အနီးကပ်တိုက်ခိုက်ကြသည်။

ဝန်းသိုစော်ဘွား၏တပ်များသည် အတော်ကြာကြာ ခုခံတိုက်ခိုက်ကြပြီးနောက် တောင်ကုန်းတဖက်မှ အင်္ဂလိပ်တပ်များကို ဖောက်ထွက်၍ ဝန်းသိုမြို့သို့ ဆုတ်ခွာခဲ့ကြသည်။

ကျိုင်းခွင်တိုက်ပွဲတွင် နှစ်ဘက်စလုံးမှ အပျက်အစီး အသေအပျောက် များသည်။ အင်္ဂလိပ်စစ်သား သုံးဦး ကျဆုံးသည့်နေရာတွင် ကျောက်တိုင်တခုစိုက်ထူထားရာ ယခုတိုင် တွေ့နိုင်သေးသည်။

ကျိုင်းခွင်တောင်ကုန်းမှ ဆုတ်ခွာသည့် နေ့တွင်ပင် ရေဦးမြို့နယ်မှ ဗိုလ်ကြီး ဟက်ချင်ဆန် ဦးဆောင်သော အင်္ဂလိပ်စစ်ပုလိပ်တပ် တတပ်နှင့် ဥက္ကံမြို့နားရှိ မိုးနန်းကျောင်းတွင် တပ်စွဲနေသော ဝန်းသိုတပ်များတိုက်ပွဲ အပြင်းအထန်ဖြစ်ပွားသည်။

ထိုတိုက်ပွဲတွင် စော်ဘွားကြီး ဦးအောင်မြတ်တပ်မှ ၂၇ ယောက် ကျဆုံးသည်။ အင်္ဂလိပ်စစ်ဗိုလ် ဗိုလ်ကြီး ဟတ်ချင်ဆန်လည်း ဦးခေါင်းတွင် ဒဏ်ရာ ပြင်းထန်စွာရရှိသွားရာ ယင်းဒဏ်ရာနှင့်ပင် မကြာမီ သေဆုံးခဲ့သည်။

လက်နက် အင်အား လူအင်အားမမျှသည့်ပြင် အတွေ့အကြုံနည်းပါးသောသူများနှင့် တိုက်ခိုက်ရသော်လည်း သူ့ကျွန်မခံလိုသော မျိုးချစ်စိတ်ဓာတ်ကြောင့်

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ်တို့ကို ဝန်းသို၊ ကောလင်း၊ မိုးကောင်း၊ မိုးညှင်း၊ ပင်လယ်ဘူး စသော ဒေသများမှ အပြင်းအထန် တော်လှန်တိုက်ခိုက်ခဲ့သည်။

မဲဇာချောင်းနားရှိ မန်လောင် မန်စီဒေသများတွင်လည်း အင်္ဂလိပ်တို့နှင့် အကြိမ်ကြိမ်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် လူသူ လက်နက်အနည်းငယ်နှင့် တနှစ်နည်းပါးမျှ အားမလျှော့ဘဲ ဇွဲနပဲနှင့် တိုက်ခိုက်ခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

အင်္ဂလိပ်အစိုးရသည် စော်ဘွားကြီးကို ထိုအချိန်အထိ သူပုန်ဟုလည်း မကြေညာဘဲ သူတို့ဘက် ဝင်လာလျှင် အခါမရွေး လက်ခံ၍ ရာထူးပင်ပေးမည်ဟု စကား ကမ်လှမ်းမြဲ ကမ်လှမ်းလျှက် ရှိသည်။

ဝန်းသို စော်ဘွားကြီးကား အင်္ဂလိပ်တို့ မည်သို့ခေါ်ယူ ချော့မော့စေကာမူ စကားပင် မပြန်ခဲ့ချေ။

အင်္ဂလိပ်ဆိုလျှင် သူနှင့်အဖက်မတန်ဟုပင် သဘောပိုက်ထားဟန် တူသည်။

နောက်ဆုံးတွင် ဝန်းသိုစော်ဘွားကြီး၏ တပ်များသည် မန်စီအနီး အင်္ဂလိပ်စစ်တပ်နှင့် တွေ့၍ ဝိုင်းမိနေသောအခါ

အင်္ဂလိပ်စစ်တပ်နှင့် အတူပါလာသော မြတောင်မြို့စားက ဝန်းသိုစော်ဘွားကြီးကို စကားကမ်းလှမ်းပြန်ရာ ရာထူးမက်၊ ဥစ္စာမက်၊ စိတ်မခိုင်သူများ သစ္စာဖောက်ကာ အင်္ဂလိပ်ဘက်သို့ တစတစ ဝင်သွားကြသည်က တကြောင်း၊

မိုးဦးကျလာသဖြင့် နောက်လိုက်နောက်ပါများ ငှက်ဖျားရောဂါ ဖြစ်လျှက် စိတ်ဓာတ်ကျဆင်းလာသည်က တကြောင်း၊ အထောက်အပံ့ အကူအညီများကလည်း နည်းပါသထက် နည်းပါးလာသည်က တကြောင်း၊

အရပ်ရပ်သော အခြေအနေတို့ကလည်း အဆိုးဘက်နှင့် အရှုံးဘက်ကချည်း များနေသည်က တကြောင်း ဤသို့သော အကြောင်းများကြောင့် အတိုက်အခိုက် ရပ်ရန် ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် ဝန်းသိုစော်ဘွားကြီးသည် အင်္ဂလိပ် လက်အောက်သို့ကား မဝင်။

ဖခင်ရှိရာ တရုတ်ပြည်သို့ ထွက်ခွာတော့မည်ဟု အကြောင်းပြန်ရာ မြတောင်မြို့စားက ဘေးရန်ကင်းရှင်းသော တရုတ်ပြည် ထွက်လမ်းကို အလံစိမ်း လွှတ်ပြသဖြင့် ထိုလမ်းအတိုင်း ၁၂၅၃ ခုနှစ်တွင် ထွက်ခဲ့သည်။

မိုညှင်းမှ ဘီးလင်းမြို့၊ ယင်းမှ ဟိုပင်နန့်ဆော်လော်၊ ထိုမှ စန်းတာမြို့သို့ ဝင်သည်။ စန်းတာမြို့မှ စန်းတာ စော်ဘွားက ကောင်းစွာကြို၍ နေရာထိုင်ခင်းများ ချပေးသည်။

စန်းတာမြို့၌ပင် ၁၂၇၈ ခုနှစ်တွင် ဖခင် မိုးကောင်း စော်ဘွားကြီး ဦးရွှေသာ ကွယ်လွန်ရာ၊ ဦးအောင်မြတ် ကိုယ်တိုင် ဖခင်အလောင်းကိုထမ်း၍ မြို့ဦးဈေး နေရာ၌ သဂြိုဟ်ခဲ့သည်။

ယူနန်နယ် စန်းတာမြို့၌ ရှိနေစဉ်လည်း အင်္ဂလိပ် အစိုးရက စော်ဘွားကြီး၏သတင်းများကို အမြဲ သိရှိလိုသည် ဟူသော အမိန့်ကြောင့်

မန်းတာ၊ မိုင်းလ စသော မြို့များမှ လာသော ခရီးသည်များထံတွင် စုံစမ်းပြီးလျှင် မြတောင် မြို့စားကအမြဲ အစီရင်ခံစာ သွင်းနေရသည်။

ယူနန်နယ်တွင် နေထိုင်စဉ် စော်ဘွားကြီးသည် စပါး ပေး ပေးခြင်း၊ တတ်ကျွမ်းထားသော မြန်မာ့ဆေးပညာဖြင့် ဆေးဝါးကုသပေးခြင်းတို့ဖြင့် ဖြစ်သလို အသက်မွေးဝမ်းကျောင်း ရှာဖွေစားသောက်နေထိုင်ခဲ့သည်။

စော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ် လက်အောက်တွင် အညံခံ၍ဝင်လျှင် သူများနည်းတူ ရာထူးရာခံ အပြည့်အဝနှင့် ထိပ်တန်းမှ သက်သောင့် သက်သာနေရမည် ဖြစ်ပါလျှက်

သူ့ကျွန်မခံလိုသော စိတ်ဓာတ်ကြောင့် စည်းစိမ်ချမ်းသာများကို စွန့်လွှတ် လျှက် နေထိုင်ခဲ့သော မြန်မာမျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

စော်ဘွားကြီး ဦးအောင်မြတ်သည် ယူနန်နယ် စန်းတာမြို့၌ ၁၃ နှစ်၊ မိုင်းလမြို့၌ ၁၉ နှစ်၊ စုစုပေါင်း ၃၂ နှစ်တိုင်တိုင် သူ့ကျွန်မခံလိုသောစိတ်ဖြင့် တရုတ်ပြည် မြို့များတွင် နေထိုင်ခဲ့သည်။

မြန်မာပြည်ဘုရင်ခံက စော်ဘွားကြီး ဦးအောင်မြတ်အား ဦးရီးတော် ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်မှတဆင့်

မြန်မာပြည်သို့ ပြန်ပြောင်းလာသောအခါ စိတ်မငြိုငြင်စေရပါ၊ အထောက်အပံ့ပေးပါမည်ဟု ပြောကြားလာသည်။

ဦးအောင်မြင့်၏ ကြင်ရာတော် မဟာဒေဝီ စပ်ရွှေကြည်၏ ဦးရီးတော် ညောင်ရွှေစော်ဘွားကြီး ဆာ စောမောင်လည်း အသက်ရွယ်ကြီးပြီဖြစ်သဖြင့်ကိုယ်ရပ် ကိုယ်ဒေသသို့ ပြန်နေပါရန် အတန်တန် တောင်းပန် ပြောဆိုလာသည်။

အမျိုးမျိုးအဖုံဖုံအဘက်ဘက်မှ စဉ်းစားပြီးမှ စော်ဘွားကြီးဦးအောင်မြတ်သည် (ခရစ်နှစ် ၁၉၂၃) ၁၂၈၅ ခုနှစ်၊တပေါင်းလဆန်း ၉ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြောင်းရွေ့လာခဲ့သည်။

ယင်းနှစ် နှောင်းတန်ခူးလဆန်း ၈ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ရောက်ရှိ၍ ဟောကုန်းရှိ သထုံဟော်တွင် နေထိုင်ခဲ့သည်။

သထုံဟော်၌ပင် ကြင်ရာတော် မဟာဒေဝီ စပ်ရွှေကြည်သည် အသက် ၇၁ နှစ် အရွယ်၌ ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။

တောင်ကြီးမြို့သို့ ပြန်ရောက်သော အခါ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်ကို အင်္ဂလိပ်အစိုးရတို့က တလလျှင် ထောက်ပံ့ငွေ ၁ဝဝိ ပေးခဲ့သည်။

ထိုစဉ်က ငွေ ၁ဝဝိ သည် ယခုငွေနှင့် ခေတ်ကာလ အလျှောက် နှိုင်းစာလျှင် ၁ဝဝဝိ မျှပင် ကျော်မည် ထင်သည်။

စော်ဘွားကြီးသည် ထိုထောက်ပံ့ငွေကို နည်းသည် များသည်လည်း မပြော။ အချိန်တန်၍ လာရောက် ထုတ်ပေးလျှင် သားသမီးများ လက်သို့လွှဲအပ်ပေးခဲ့သည်။

စော်ဘွားကြီးအတွက်မူ ဦးရီးတော် ညောင်ရွှေ စော်ဘွားကြီး ဆာစောမောင် ထောက်ပံ့နေသော ငွေဖြင့်သာ ရောင့်ရဲစွာ သုံးစွဲနေခဲ့သည်။

ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်သည် ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ် ပြန်ရောက်၍ သုံးနှစ်အကြာတွင် ကွယ်လွန်သွားရှာသည်။

ဦးအောင်မြတ်သည် မည်သူ့အားမျှ အပူမကပ်ဘဲ ရသမျှဖြင့် တင်းတိမ်ရောင့်ရဲစွာ လောကုတ္တရာဘက်တွင်သာ အားထုတ်နေထိုင်ခဲ့သည်။

ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ကလည်း ဆက်လက်ထောက်ပံ့ခဲ့သည်။

ဒုတိယကမ္ဘာစစ် ဖြစ်၍ မြန်မာနိုင်ငံသို့ ဂျပန်များ ဝင်လာသော အခါ၌လည်း အင်္ဂလိပ်အစိုးရကဲ့သို့ပင် တလလျှင်ငွေ ၁ဝဝိ ထောက်ပံ့ခဲ့ရာ ဂျပန်တို့ ထွက်ပြေးသည့်အချိန်အထိ ဖြစ်သည်။

ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့် နောက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ ခရစ် ၁၉၅ဝ ပြည့်နှစ်၊ အောက်တိုဘာလမှစ၍

ဝန်းသိုစော်ဘွားကြီးနှင့် သခင်ကိုယ်တော်မှိုင်းတို့အား မြန်မာအစိုးရက ကျေးဇူးဆပ်သည့်အနေဖြင့် တလလျှင် ထောက်ပံ့ကြေးငွေ ၅ဝဝိ ကျပ်စီ ပေးခဲ့သည်။

ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၃၂၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်နေ့ (ခရစ် နှစ် ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်) နေ့တွင် တောင်ကြီးမြို့၌ အသက် ၁ဝ၃ နှစ်တွင် ကွယ်လွန် အနိစ္စ ရောက်သည်။

ယင်းနှစ် ပြာသိုလဆန်း ၉ ရက်နေ့တွင် စော်ဘွားကြီး၏ရုပ်ကလာပ်ကို တောင်ကြီးမြို့ ရပ်တော်မူ ကုန်း မြောက်ဘက်ရှိ စီစဉ်ရွေးချယ်သတ်မှတ်ထားသော မြေနေရာသို့ ယူဆောင်ကာ ရှေးထုံးစဉ်လာ အတိုင်း ဂူသွင်းသဂြိုဟ်ကြသည်။

အာဏာသိမ်း တော်လှန်ရေးစစ်ကောင်စီကလည်း စော်ဘွားကြီး၏လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည့် ဂုဏ်ကျေးဇူးကို ဆပ်သည့်အနေဖြင့် မသာစရိတ်ငွေ ၅,ဝဝဝိ ထောက်ပံ့ခဲ့သည်။

စော်ဘွားကြီး ဦးအောင်မြတ်တွင် ဦးခွန်ဆက် (ခေါ်) စောခွန်ဆက်၊ စောစံမြ၊ ခွန်လုံး၊ ခွန်ဖုံးနှင့် ခွန်ချို ဟူသော သား ၅ ယောက်နှင့် နန်းဆိုင်မယ်၊ စောဖြူ ဟူသော သမီး ၂ ယောက် ထွန်းကားခဲ့သည်။

credit

Leave a Reply

Your email address will not be published. Required fields are marked *