ကျောက်ကပ်ပြဿနာ ရှိသူများ စားသုံးသင့်သော အစားအစာများ

ကျောက်ကပ်ရောဂါဟာ ဒီနေ့ခေတ်မှာ အင်မတန် အတွေ့ရများတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

ခန့်မှန်းခြေအရ ကမ္ဘာ့လူဦးရေရဲ့ ဆယ်ပုံတစ်ပုံကို သက်ရောက်နေတယ်လို့ ဆိုကြပါတယ်။

ဒီအစိတ်အပိုင်း သေးသေးလေး ၂ ခုရဲ့ ခန္ဓာကိုယ်အတွက် အရေးပါပုံနဲ့ ဘာကြောင့် ကျောက်ကပ်ရောဂါရှိသူတွေဟာ အစားအသောက်ဆင်ခြင်သင့်သလဲ၊ ဘာတွေစားသောက်ရမလဲဆိုတာ တစ်ချက်လောက် လေ့လာကြည့်ရအောင်ပါ။

ကျောက်ကပ်ဆိုတဲ့ အစိတ်အပိုင်းလေးနှစ်ခုဟာ ပဲစေ့ပုံသဏ္ဍာန်ရှိပြီး ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့လုပ်ငန်းတွေ လုပ်ဆောင်ပေးပါတယ်။

အဓိကအားဖြင့် ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးမယ့်ဟော်မုန်းတွေ ထုတ်လွှတ်ပေးတယ်။ ကိုယ်ထဲက အရည်ပမာဏကို ချိန်ညှိပေးပါတယ်။

ဒီကျောက်ကပ်လေး ၂ လုံး ထိခိုက်သွားနိုင်တဲ့ အကြောင်းအရင်းတွေလည်း အများကြီးရှိပါတယ်။

အများအားဖြင့် ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတွေက ကျောက်ကပ်ပြဿနာပေါ်ရတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အဝလွန်တာ၊ ဆေးလိပ်သောက်တာ၊ မျိုးရိုးလိုက်တာ၊ အသက်အရွယ်စတဲ့ အချက်တွေအပေါ်လည်း မူတည်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်တာ၊ သွေးတိုးမထိန်းနိုင်တာ စတဲ့အချက်တွေကြောင့် ကျောက်ကပ်ထဲက သွေးကြောတွေပျက်စီးလာပြီး အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ပုံမှန်စစ်ထုတ်ရမယ့် လုပ်ငန်းကိုလည်း မလုပ်ဆောင်နိုင် ဖြစ်လာပါတော့တယ်။

ကျောက်ကပ်တွေက အလုပ်မလုပ်နိုင်တာနဲ့အမျှ သွေးတွင်းမှာ အဆိပ်အတောက်တွေ စုပုံလာပါမယ်။ ဒါကြောင့် ကျောက်ကပ်ပြဿနာရှိတဲ့သူတွေ အနေနဲ့ အစားအစာကို ရွေးချယ်စားသုံးတတ်ဖို့က အင်မတန် အရေးကြီးပါတယ်။

အစားအသောက်နှင့် ကျောက်ကပ်ပြဿနာ ကျောက်ကပ်ပျက်စီးမှု့အနည်းအများပေါ် မူတည်ပြီးတော့ အစားအသောက်စားသုံးပုံကလည်း လိုက်ပြောင်းလဲသွားပါတယ်။

ဥပမာ ပြောရရင် ကျောက်ကပ်စစခြင်း ပြဿနာပေါ်တဲ့သူ စားသောက်မူ့စနစ်နဲ့ ကျောက်ကပ်လုံးဝပျက်စီးသွားတဲ့သူတွေ စားသောက်မူ့ပုံစံ တူညီမှာ မဟုတ်ပါဘူး။

ဒါကြောင့် ကျောက်ကပ်ရောဂါရှိတဲ့သူတွေ အနေနဲ့ ကိုယ်နဲ့အဆင်ပြေမယ့် စားသောက်မူ့ပုံစံကို ရွေးချယ်စားသုံးတတ်ဖို့က အတော်လေးအရေးကြီးပါတယ်။

ဒီအစားအသောက်တွေကို စားသုံးပေးတာကြောင့် ကျောက်ကပ်ရဲ့ ပုံမှန်လုပ်ဆောင်နိုင်ခြေကို ထိန်းထားနိုင်ရုံသာမက ကျောက်ကပ်ကျန်းမာရေးပြန်ကောင်းလာအောင်ပါ လုပ်ပေးနိုင်ပါတယ်။

အကြမ်းဖျင်းအားဖြင့်တော့ ကျောက်ကပ်ပြဿနာ ရှိသူတွေအနေနဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ ဖော့စ်ဖရက်ဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါမှမဟုတ် သတိနဲ့ချိန်ဆပြီး စားသောက်သင့်ပါတယ်။

ဒါ့အပြင် အသားဓာတ်လို့ခေါ်တဲ့ ပရိုတင်းဓာတ်ကိုလည်း ချိန်ဆပြီးစားသောက်ရပါမယ်။

ပရိုတင်းဓာတ်ကို ခန္ဓာကိုယ်က ချေဖျက်ပြီးထွက်လာတဲ့ ဓာတ်တွေကို ကျောက်ကပ်တွေအနေနဲ့ စွန့်ထုတ်ရာမှာ အခက်အခဲရှိပါတယ်။

အောက်မှာဖော်ပြထားတဲ့ အစားအသောက်တွေ ကတော့ ကျောက်ကပ်ပြဿနာရှိတဲ့သူတွေ စားသောက်ဖို့ သင့်တော်တဲ့အစားအသောက်တွေပဲ ဖြစ်ပါတယ်။

၁။ ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီမှာ ဗီတာမင် စီ၊ ကေ နဲ့ ဘီဓာတ်တွေပါဝင်ရုံသာမက တခြားအာဟာရဓာတ်တွေလည်း စုံလင်စွာပါဝင်နေပါတယ်။

ဒါ့အပြင် ရောင်ရမ်းမှု့ကို လျော့ကျစေတဲ့ Indoles လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။

ကျောက်ကပ်ပြဿနာရှိသူတွေအနေနဲ့ ပိုတက်ဆီယမ်ဓာတ် ပါဝင်တဲ့ အာလူးအစားထိုး အသီးအနှံအနေနဲ့လည်း ပန်းဂေါ်ဖီကို စားသုံးနိုင်ပါတယ်။


၂။ ဘလူးဘယ်ရီ
ဘယ်ရီသီးအုပ်စုဝင်ဖြစ်တဲ့ ဘလူးဘယ်ရီသီးမှာလည်း အာဟာရဓာတ်တွေ အများကြီးပါဝင်ပြီးတော့ ခန္ဓာကိုယ်အတွက် စားသုံးသင့်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်နေပါတယ်။

သူ့အထဲမှာ ပါတဲ့ Anthocyanins လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ နှလုံးရောဂါ၊ တချို့ ကင်ဆာရောဂါတွေအပြင် ဆီးချိုရောဂါကိုပါ တားဆီးနိုင်တာ တွေ့ရပါတယ်။


၃။ ကကတစ်ငါး
ကကတစ်ငါးတွေမှာ ကောင်းမွန်တဲ့ပရိုတင်းဓာတ်တွေပါဝင်သလို ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အိုမီဂါ ၃ အက်စစ်တွေလည်း ပါဝင်နေပါတယ်။

ဒီအိုမီဂါ ၃ အက်စစ်က ရောင်ရမ်းမှု့ကို လျှော့ချပေးနိုင်ပြီး စိတ်လှုပ်ရှားတာ၊ စိတ်ဓာတ်ကျတာတွေကိုလည်း ကာကွယ်နိုင်ပါတယ်။

တခြား ငါးတွေမှာ ဖော်စ်ဖိုရက်ဓာတ်တွေများပေမယ့် ကကတစ်ငါးတွေမှာတော့ အနည်းငယ်ပဲ ပါဝင်တာကြောင့် ကျောက်ကပ်ရောဂါ ရှိသူတွေ စားသုံးနိုင်ပါတယ်။ သို့ပေမဲ့ `တန်ဆေးလွန်ဘေး´ ဆိုတဲ့အတိုင်း ချိန်ဆပြီးတော့တော့ စားသုံးပေးပါ။


၄။ စပျစ်သီးအနီ
စပျစ်သီးအနီတွေက စားသောက်ရတာ အရသာရှိရုံတင်မကပဲ အာဟာရဓာတ်တွေလည်း စုံလင်စွာ ပါဝင်ပါတယ်။

အထူးသဖြင့် ဗီတာမင် စီနဲ့ Flavonoids လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်နေတာကြောင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှု့ကိုလည်း လျှော့ချပေးပါတယ်။


၅။ ကြက်ဥအဖြူသား
ကြက်ဥအနှစ်က အာဟာရဓာတ်ကြွယ်ဝပေမယ့် သူတို့ထဲမှာ ဖော်စ်ဖရက်ဓာတ်တွေ အများကြီးပါဝင်နေတာကြောင့် စားသုံးဖို့ မသင့်တော်ပါဘူး။

ကြက်ဥအဖြူသားမှာတော့ ကျောက်ကပ်အတွက် အဆင်ပြေတဲ့ပရိုတင်းဓာတ် ပါဝင်တာကြောင့် အသင့်အတင့် စားသုံးနိုင်ပါတယ်။


၆။ ကြက်သွန်ဖြူ
ကျောက်ကပ်ပြဿနာရှိသူတွေဟာ ဆားစားသုံးမှုလျှော့ချဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ ဟင်းပွဲတွေလည်း အရသာပိုရှိသွားအောင် ကြက်သွန်ဖြူကို ဆားအစားထိုးအနေနဲ့ စားသုံးနိုင်ပါတယ်။

ကြက်သွန်ထဲမှာ မဂ္ဂနီစီယမ်၊ ဗီတာမင် စီ နဲ့ ဘီ စတာတွေ ပါဝင်တာကြောင့် ရောင်ရမ်းမှု့ကို လျှော့ချပေးနိုင်ပါတယ်။


၇။ Buckwheat
အစေ့အဆံတွေအားလုံးက ပိုတက်ဆီယမ်ဓာတ် အများကြီးပါဝင်ပေမဲ့ Buckwheat ကတော့ ခြွင်းချက်ပါ။

သူ့မှာ သဘာဝအရကို ဗီတာမင် ဘီ၊ မဂ္ဂနီစီယမ်ဓာတ်၊ သံဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ကျောက်ကပ်ပြဿနာ ရှိတဲ့သူတွေလည်း စားသုံးနိုင်ပါတယ်။

၈။ သံလွင်ဆီ

ဆီတွေ အမျိုးမျိုးထဲမှာမှ သံလွင်ဆီထဲမှာ Oleic Acid လို့ခေါ်တဲ့ မပြည့်ဝဆီပါဝင်ပြီး ဒီအက်စစ်ဓာတ်က ကိုယ်တွင်း ရောင်ရမ်းမှု့ကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။

ဒါ့အပြင် ကျောက်ကပ်ပြဿနာရှိသူတွေဟာ ဟင်းချက်တဲ့အခါ သုံးမဲ့ ဆီအမျိုးအစားကို သေချာရွေးချယ်ရပါတယ်။

ဒီလို သံလွင်ဆီကိုသုံးပြီး ချက်ပြုတ်ရင်တော့ ပြဿနာ မရှိနိုင်ပါဘူး။

၉။ ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်ထဲမှာ ဗီတာမင်တွေ၊ သက်စောင့်ဓာတ်တွေ အမျိုးမျိုးစုံလင်စွာ ပါဝင်နေပါတယ်။ ဥပမာအားဖြင့် ဗီတာမင် ကေ၊ စီနဲ့ ဘီဓာတ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် သူ့မှာပါဝင်တဲ့ အမျှင်ဓာတ်က အစာချေ လမ်းကြောင်းအတွက် ချေဖျက်ရလွယ်ကူစေတာကြောင့် စားသောက်ပြီးရင်လည်း ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။


၁၀။ အရေခွံမပါတဲ့ကြက်သား
ကျောက်ကပ်ပြဿနာ ရှိတဲ့သူတွေအနေနဲ့ ပရိုတင်းစားသုံးမှု့ကို ကန့်သတ်ရမယ်ဆိုပေမဲ့၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အသားဓာတ် ရရှိဖို့လည်း အရေးကြီးပါသေးတယ်။

အရေခွံ မပါဝင်တဲ့ကြက်သားတွေမှာ ပိုတက်ဆီယမ်၊ ဖော်စ်ဖရက်နဲ့ ဆိုဒီယမ်ဓာတ်လည်း နည်းနည်းပဲ ပါဝင်တာကြောင့် ချင့်ချိန်ပြီး စားသုံးနိုင်ပါတယ်။

၁၁။ ငရုတ်ပွသီး

အာဟာရဓာတ်အမျိုးမျိုးပါဝင်ပေမဲ့ တခြားအသီးအနှံတွေနဲ့ခြားနားစွာပဲ ငရုတ်သီးပွသီးတွေမှာ ပိုတက်ဆီယမ်ဓာတ် နည်းနည်းပဲပါဝင်ပါတယ်။

ဒ့ါအပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင်စီဓာတ်လည်း ပါဝင်နေပါသေးတယ်။


၁၂။ ကြက်သွန်နီ
အပေါ်မှာပြောခဲ့သလိုပဲ ဆားရှောင်ရမဲ့ ကျောက်ကပ်ဝေဒနာရှင်တွေအနေနဲ့ ကြက်သွန်ကို အစားထိုး စားသုံးနိုင်ပါတယ်။

ဒါ့အပြင် ကြက်သွန်နီထဲမှာ ဗီတာမင် စီ၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင် ဘီ အပြင် အမျှင်ဓာတ်တွေလည်း ပါဝင်နေတာကြောင့် အစာချေလမ်းကြောင်းကိုလည်း ပြဿနာမဖြစ်စေဘဲ စားသုံးနိုင်ပါတယ်။


၁၃။ မုန်လာဥနီ
အဆာပြေစားသုံးဖို့လည်း သင့်တော်တဲ့မုန်လာဥနီဟာလည်း ကျောက်ကပ်ပြဿနာရှိသူတွေ ရွေးချယ်သင့်တဲ့အစားအသောက် တစ်ခုပါပဲ။

သူ့အထဲမှာ ပိုတက်ဆီယမ်လို ရှောင်ကျဉ်ရမယ့် ဓာတ်တွေနည်းနည်းပဲ ပါဝင်ပေမဲ့ တခြားလိုအပ်တဲ့ အာဟာရဓာတ်တွေတော့ အများကြီးပါဝင်နေပါတယ်။

ဒီဓာတ်တွေဟာ ကျောက်ကပ်ဝေဒနာကိုသာမက နှလုံးရောဂါနဲ့ မျက်လုံးရေတိမ်လို ပြဿနာတွေကိုပါ သက်သာစေပါတယ်။

၁၄။ မုန်လာဥဝါ

ကိုယ်က ပိုတက်ဆီယမ်ဓာတ်များတဲ့ အာလူးတို့ ဘာတို့ မကြာခဏ စားနေကျဆိုရင် ကျောက်ကပ်ရောဂါနဲ့ သိပ်အဆင်မပြေပါဘူး။

ဒီနေရာမှာ အာလူးအစားထိုးအနေနဲ့ မုန်လာဥဝါကို စားသုံးပေးလို့ ရပါတယ်။

သူ့အထဲမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အပြင် ဗီတာမင် စီ၊ ဘီ၊ မဂ္ဂနီစီယမ်နဲ့ ကယ်လ်စီယမ်ဓာတ် စတာတွေပါဝင်နေပါတယ်။

မုန်လာဥဝါကို ပြုတ်စားတာ မီးဖုတ်ပြီး စားသုံးတာမျိုး လုပ်နိုင်ပါတယ်။

၁၅။ နာနတ်သီး

အပူပိုင်းဒေသထွက်အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ ငှက်ပျောသီး၊ ကီဝီသီးစတာတွေက ပိုတက်ဆီယမ်ဓာတ် အရမ်းများပါတယ်။ ကံကောင်းတာက နာနတ်သီးကတော့ ဒီလိုမဟုတ်ပါဘူး။

အရသာကလည်း စားလို့ကောင်းသလို ပိုတက်ဆီယမ်နည်းနည်းပဲ ပါဝင်တာကြောင့် ကျောက်ကပ်သမားတွေအတွက် အဆင်ပြေစေပါတယ်။

နာနတ်သီးထဲမှာ အမျှင်ဓာတ်၊ ဗီတာမင် ဘီ၊ မဂ္ဂနီစီယမ် စတာတွေလည်း ပါဝင်ပါသေးတယ်။


အခုပြောခဲ့တဲ့ အစားအသောက်တွေက ကျောက်ကပ်ပြဿနာရှိတဲ့သူတွေ ရွေးချယ်သင့်တဲ့အစားအသောက်တွေပဲ ဖြစ်ပါတယ်။

သို့ပေမဲ့ အပေါ်မှာပြောခဲ့သလိုပဲ ကျောက်ကပ်အတွက် စားသောက်မှု့ပုံစံချိန်ညှိတယ်ဆိုတာ ကိုယ့်ကျောက်ကပ်ရဲ့ အခြေအနေပေါ်လည်း မူတည်သေးတာကြောင့် ဘယ်အစားအစာကိုမှ အလွန်အကျွံစားသုံးတာမျိုးကိုတော့ ရှောင်ကျဉ်ပေးပါ။

စားကောင်းတိုင်း အရမ်းစားလိုက်ရင်တော့ တစ်ချိန်မဟုတ်တစ်ချိန် ပြဿနာပေါ်လာမှာပါ။

ကိုယ်စားသောက်ရမယ့် ပမာဏအတိအကျကိုတော့ ကိုယ်နဲ့ ပြသနေတဲ့ အထူးကုသမားတော်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ကပ်ရောဂါဆိုးအပေါင်းမှ ကင်းလွတ်ပြီး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ။

credit

Leave a Reply

Your email address will not be published. Required fields are marked *