မြန်မာစကားဝေါဟာရ ကြွယ်ဝလိုက်ပုံများ

တစ်ခါက ရွာတစ်ရွာကို မြန်မာစာ မြန်မာစကားလုံး ဝေါဟာရ အကြောင်းများ လေ့လာနေတဲ့နိုင်ငံခြားသားတစ်ယောက် ရောက်လာတယ်…။

ရွာခံ သူ့မိတ်ဆွေအိမ်ကိုသွားပြီး မြန်မာစကားနဲ့ဝေါဟာရအကြောင်း သိလိုကြောင်း ပြောတော့ရွာခံမှ
တစ်ညအိပ်ပြီး မိုးလင်းရင် သိရမယ်လို့ ပြောပြီး
တစ်ညသိပ်လိုက်တယ်…။

မိုးလင်းလို့ အလင်းရောင်ထွက်ချိန်မှာ မနက်စာစားသောက်ပြီး နိုင်ငံခြားသားကို ရွာလယ်လမ်းမကြီးအတိုင်း ခေါ်သွားပြီး ရွာထိပ်က လမ်းလယ်ခေါင်မှာ
မစင်ပုံ အကြီးကြီးကို ပြလိုက်တယ်…။

ပြပြီးသည့်နောက်
“မိတ်ဆွေရေ ၊ ဒါကို `မစင်´ လို့ ခေါ်တယ်… မိတ်ဆွေ သိလိုတဲ့အကြောင်းကို ဒီသစ်ပင်အောက်ကနေ စောင့်ကြည့်ရအောင်” လို့ ပြောပြီး


မလှမ်းမကမ်းက သစ်ပင်အောက်က စောင့်ကြည့်ကြတယ်…။

တအောင့်နေတော့ အကြော်သည်တစ်ယောက်
အကြော်ရောင်းရင်း မစင်ပုံနားကိုရောက်လာပြီး
တွေ့သွားတော့…

“ဟယ်… လမ်းလယ်ကြီးမှာ ဘယ်သူ `ချီး´ လာပါသွားလဲ မသိဘူးလို့ ပြောလိုက်တယ်…။

နိုင်ငံခြားသားကြီးလည်း မှတ်ထားလိုက်တယ်…။

ဘုန်းကြီးကျောင်းသားလေး နှစ်ယောက် ရောက်လာပြန်တော့…

“ဟာ… `အီး´ တွေ တက်နင်းမိအုံးမယ်” လို့ပြောပြီး
ထွက်ပြေးသွားကြတယ်…။

နိုင်ငံခြားသားကြီးလည်း ပြုံးပြီးမှတ်ထားလိုက်တယ်…။

၂နှစ်အရွယ်သားလေးကို လက်ဆွဲပြီး သားအမိနှစ်ယောက် ဖြတ်သွားပြန်တယ်…

“ဟယ်! သားသားရေ `ဘွတ်ဘွတ်တွေ´ ဒီဖက်ကိုလာ
ဒီဖက်ကိုလာ”လို့ပြောပြီး ကလေးကိုချီပြီး ထွက်သွားပြန်ရော…။

ဟိုလူလည်း မှတ်လိုက်ပြန်ရော….။

အဘွားအိုတစ်ယောက် ဆွဲခြင်းလေးဆွဲပြီး ရောက်လာပြန်တယ်…

“အမလေး… လမ်းမကြီးမှာ ဘယ်သူအရှက်မရှိ
`အခင်းကြီး´ သွားထားတာလဲ မသိဘူး… ဒုက္ခ ဒုက္ခ…” ဆိုပြီး ရှောင်သွားပြန်တယ်…။

ဟိုလူလည်း ခေါင်းလေးကုတ်ပြီး ထပ်မှတ်ရရော…။

ယောင်္ကျားကြီးတစ်ယောက်ခအိတ်ကြီးလွယ်ပြီး
ခပ်သွက်သွက်လျှောက်လာပြီး မစင်ပုံနားရောက်လာပြီး မြင်သွားပြန်တော့…

“ဟာ.. ဘယ်ကောင်ဒီမှာ `ကျင်ကြီးစွန့်သွားလဲ မသိဘူးကွာ” ဆိုပြီး ဆက်လျှောက်သွားတယ်…။

နိုင်ငံခြားသားကြီးလည်း သက်ပြင်းချပြီး မှတ်လိုက်ပြန်တယ်…။

တခါ သစ်ခုတ်ပြီးပြန်လာတဲ့ သစ်ခုတ်သမားနှစ်ယောက် ဖြတ်သွားပြီးတွေ့သွားတဲ့အခါ…

“ဟေ့လူ! ဟေ့လူ! အရှေ့မှာ `ဝမ်းသွား´ ထားတာတွေ ရှောင်သွားအုံးဟ” ဆိုပြီး အော်ဟစ်သွားကြပြန်တယ်…။

ဟိုလူလဲ မျက်နှာတွေပျက်ပြီး မှတ်လိုက်ပြန်တယ်…။

မိန်းမရွယ်လေး သုံးယောက် ဖြည်းဖြည်းလေးလျှောက်လာရင်း ဖြတ်သွားတဲ့အခါ…

“အမလေးတော့! လမ်းလယ်ကြီးမှာ `အလေး´ တွေသွားထားတာ ရွံ့စရာကြီး “ဆိုပြီး


တစ်ယောက်လက်တစ်ယောက်ဆွဲပြီး သွက်သွက်လေး ရှောင်ပြီး ထွက်သွားကြပြန်ရော…။

နိုင်ငံခြားသားကြီးလည်း လက်နှစ်ဖက်နဲ့
ခေါင်းကို တဗျင်းဗျင်းကုတ်ပြီး မှတ်နေတယ်…။

ဆေးဆရာဦးတုတ်ကြီး တောထဲဆေးခူးဖို့ထွက်လာတော့ မစင်ပုံနားကဖြတ်သွားတော့…

“အလိုလေးလေးး! လမ်းမှာ `ဓာတ်တွေ´ သွားထားပါလား” ဆိုပြီး ပြောသွားပြန်ရော….။

ဟိုလူကြီးလည်း သက်ပြင်းတွေအခါခါချရင်း
မှတ်လိုက်ပြန်ရော…။

ကျောင်းဆရာကြီးဦးမြ ကျောင်းသွားဖို့ထွက်လာရင်း
တွေ့သွားတဲ့အခါ…

“စည်းမရှိ ကမ်းမရှိ လမ်းမကြီးမှာ `နောက်ဖေးတွေ´ သွားထားပါလား” လို့ ပြောသွားပြန်တယ်…။

နိုင်ငံခြားသားကြီးလည်း ခေါင်းတခါခါနဲ့
မှတ်ထားလိုက်ရတာပေါ့…။

ကိုသာအေး ထန်းရည်မူးပြီး ယိုင်ထိုးယိုင်ထိုးနဲ့ရောက်လာတော့…

“ဘယ်ငတိ ရွာလယ်လမ်းမှာ `ဗုံးကြဲ´ သွားလဲမသိဘူး…ထွီ” တဲ့…။

ဟိုလူလဲ တောက်တခေါက်ခေါက်နဲ့မှတ်လို့…။

ရွာထဲကငွေတိုးချေးတဲ့ ဒေါ်ဂျမ်းဘုံ တစ်ယောက်
အကြွေးတောင်းမရလို့ စိတ်တွေဆိုးပြီး မစင်ပုံဘေးက ဖြတ်ရတဲ့အခါ

လက်၂ဖက်နဲ့ ထမီကိုမပြီး သစ်ပင်အောက်က
နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်တာကတော့…

“ဘယ်သေနာကျက လမ်းလယ်ခေါင်မှာ `ကာလနာတိုက်´ ထားလဲ မသိဘူး” တဲ့

မြန်မာတွေ ဝေါဟာရ ကြွယ်ပါတယ်ဆို…

ရယ်မောခြင်းဖြင့် ဘ၀အမောတွေ ပြေနိူင်ကြပါစေ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *