”ကုန်ဘောင်ခေတ် အကြီးကျယ်ဆုံး သူရဲကောင်း မုဆိုးချုံဗိုလ် မင်းခေါင်နော်ရထာ”

သူ၏ ငယ်နာမည်မှာ ငတွန် ဖြစ်သည်။ သူ့ကို အလောင်းဘုရားက အင်းဝမြို့ပြင် ဇရပ်တစ်ခုတွင် တွေ့ရှိလာသည်ဟု ဆိုကြသည်။

ဘုန်းလက်ရုံး ထွန်းတောက်မည့်သူမှန်းသိ၍ ထိုအချိန်မှစ အလောင်းဘုရားနောက် လိုက်ခဲ့သည်။

မျက်စိကို အဝတ်စည်း၍ လှံဆီ ပြေးဝင်ရသော မြင်းရည်တက်သူရဲကောင်း ၆ ကျိပ် ၈ ယောက်အနက် အထင်ရှားဆုံးသူလည်း ဖြစ်သည်။

သီရိရွှေတောင်၊ မင်းလှရွှေတောင်၊ မင်းလှမင်းခေါင်၊ မင်းခေါင်နော်ရထာဘွဲ့များ တစ်ခုပြီးတစ်ခု ရသည်။

အလောင်းမင်းတရား၏ အားအထားရဆုံး ဘယ်လက်ရုံးကြီးလည်း ဖြစ်သည်။ ညာလက်ရုံးမှာမူ မဟာသေနာပတိ သေနတ်ဝန် ဦးကောင်း ဖြစ်သည်။

ငတွန်သည် လက်ရုံးအရာတွင် ပြိုင်စံရှား၍ သူ့ခေတ် သူ့အခါ၌ သူ့ကို ယှဉ်နိုင်သူ အလွန်ရှားခဲ့သည်။ သူ့ကို နိုင်မည့်သူမှာ အလောင်းဘုရားနှင့် လက်ျာပျံချီ ငချစ်ညိုသာ ရှိသည်။

အလောင်းဘုရားကိုပင် နိုင်ခဲ့ဖူးသူ လက်ျာပျံချီကမူ သူ့ကို ”ငတွန်၊ မင်း ငါ့အဖက်မဟုတ်။ ငါ့လှံ သွေးစွန်းရုံ ရှိမည်” ဟု ဆိုကာ စီးချင်းတိုက်ရန် ပယ်ချခဲ့ဖူးသည်။

သို့ရာတွင် လက်ျာပျံချီ မရှိတော့သည့် နောက်ပိုင်း၌ သူ့ကို နိုင်မည့်သူ မပေါ်တော့။ မည်သည့်လူမျိုး မည်သည့်စစ်တပ်နှင့် မည်သည့်အင်အားဖြစ်စေ သူ တိုက်ရဲသည်။ အနိုင်ယူနိုင်သည်။

ကုန်းဘောင်ခေတ် တစ်ခုလုံးတွင် သူသည် အကြမ်းဆုံးသူရဲကောင်း ဖြစ်သည်။ သာမန်အဝတ်အထည်များသာ ဆင်ယင်လေ့ရှိသော သူသည် သာမန်ရဲမက်နှင့် မခြားနားလှသော်လည်း မြင်သည်နှင့် ကြောက်ရသူမျိုး ဖြစ်သည်။

တစ်ခါက မွန်စစ်သူကြီးတစ်ယောက်၏ တပ်ကို သူတို့ ဝင်တိုက်ကြသည်။ မွန်တို့ တပ်ပျက်၍ အသည်းအသန် ထွက်ပြေးကြရသည်။

နောင်အခါ ထိုစစ်သူကြီး အလောင်းဘုရားထံ ခိုဝင်လာ၍ အလောင်းဘုရားက သူ့လူများနှင့် တိုက်ပွဲတွင် ဘယ်အရာကို အမှတ်မိဆုံးလဲ ဟု မေးရာ မွန်စစ်သူကြီးက

”တိုက်ပွဲတစ်ခုတွင် မြန်မာတပ်က ကျွန်တော်တို့ မွန်တပ်ကို ဝင်စီးသည်။ မြန်မာ မြင်းတပ်မှ အရပ်ပုပျပ်ပျပ် အသားညိုညိုနှင့် အလုံးအထည်တောင့်တောင့်ရှိသော မြင်းသည်တစ်ဦးသည် ဆံပင်ကို ဖားလျားချလျက် ပုံက ခွာ၍ ကျွန်တော်ရှိရာ မြင်းတပ်သို့ တစ်ဦးတည်း တန်းတန်းမတ်မတ် စွတ်ဝင်လာသည်။

လှံနှင့် နှစ်ကြိမ်သုံးကြိမ် ဆီးပစ်သော်လည်း မရှောင်။ မခုမခံ ပြန်လှန် မပစ်ဘဲ လူဆီသို့သာ အတင်းလိုက်လာသဖြင့် လက်ရဖမ်းလိုဟန် ရှိသည် ဟူ၍ ကျွန်တော်တို့မြင်းတပ် ခွာရချေသည်။ တပ်အလုံး ဆုတ်သည်တွင်မှ အဝေးကရပ်၍ လှမ်းကြည့်နေရစ်သည်”ဟု ဆိုသည်။

အလောင်းဘုရားက ယခု ထိုသူကို မြင်လျင် မှတ်မိပါ့မလားဟု မေးရာ မှတ်မိပါသည် ဟု လျှောက်သည်။ ဝိုင်းထိုင်နေကြသော လူများထဲမှ ရွေးထုတ်စေရာ စစ်သည်များကြားတွင် ထိုင်နေသော မင်းခေါင်နော်ရထာကို မြင်သောအခါ

”သည်လူပင် ဖြစ်သည်။ တစ်ကြိမ်သာ တွေ့ဖူးသော်လည်း ယခုတိုင် ကြောက်လှပါသေးသည်” ဟု ဆိုသည်။

အလောင်းဘုရားက ဟက်ဟက်ပက်ပက် ရယ်မော၍ စစ်အတွင်း တစ်ကြိမ်သာ ရုတ်တရက် တွေ့သော်လည်း သည်လောက်ကြာပြီကို မှတ်မိနိုင်သေးသည် ဟူ၍ ထိုမွန်စစ်သူကြီးကို ဆုလာဘ် ပေးလေသည်။

မင်းခေါင်နော်ရထာသည် ထိုသို့သော လူမျိုး ဖြစ်သည်။ တာမွေတွင် မွန်စစ်သူကြီး ဒလပန်းနှင့် စီးချင်းတိုက်ရာတွင်လည်း ဒလပန်းရှုံး၍ ပြေးရသည်။

သို့သော် ကွေ့ ဂုဏ္ဏအိမ်ကို သွားတိုက်စဉ် တစ်ကြိမ် အကြီးအကျယ် တပ်ပျက်ဖူးသည်။ စစ်ချီသွားစဉ် ကွေ့တို့က ခက်ခဲသော လျှိုမြောင် တောင်ကြားမှ အလစ်ဆီးတိုက်သဖြင့် အိမ်ရှေ့မင်း ဦးဆောင်၍ အကွပ်အကဲ ညံ့ဖျင်းသောမြန်မာတို့ တပ်အလုံး ပျက်လေသည်။

အိမ်ရှေ့မင်းက သူ့ကို နောက်ချန်နေခဲ့ရန် ပြောကာ ကိုယ်လွတ်ရုန်းပြေးလေသည်။ သူက ”တပ်အားလုံး ပျက်ပြီးမှ မည်သို့ နောက်ချန် နေနိုင်မည်နည်း” ဟု ဆိုလျက် မနေဘဲ ဆုတ်ခဲ့သဖြင့် အလောင်းမင်းတရား အမျက်တော်ရှကာ အကျဉ်းချထားခြင်း ခံခဲ့ရသေးသည်။

ထိုအချိန်မှ စ၍ သူသည် ရန်သူမည်မျှပင် အင်အားများ၍ မဖြစ်နိုင်စေကာမူ နောက်ချန်နေခိုင်းလျင် နေခဲ့၍ ရွပ်ရွပ်ချွံချွံ တိုက်တော့သည်။

ယိုးဒယားကို သွားတိုက်စဉ် အလောင်းဘုရား နာမကျန်းဖြစ်သဖြင့် တပ်ဆုတ်ကြရာ သူ့ကို နောက်ချန်တပ်အဖြစ် ထားခဲ့သည်။

မြန်မာတပ်များ ဆုတ်သွားကြောင်း သိသဖြင့် ယိုးဒယားတို့ အင်အားကြီး လိုက်ထပ်ကြသည်ကို လူအင်အား အနည်းငယ်ဖြင့် ခံနိုင်အောင် ခံသည်။

အရပ်လေးမျက်နှာမှ ဝိုင်းရံလာသော ယိုးဒယားတပ်များကို လေးစုခွဲ၍ ဖောက်ထွက်ပြီး ရွှေထီးဆောင်း ယိုးဒယားဗိုလ်မှူးတစ်ဦးကိုပင် အယုဒ္ဓယမြို့ခြေထိ မြင်းနှင့်လိုက်၍ ဆင်ပေါ်မှ ထိုးချကာ ခေါင်းဖြတ်ယူခဲ့သေးသည်။

သန်လျင်တိုက်ပွဲတွင် အလောင်းဘုရား အားအထားရဆုံး သေနတ်ဝန်ဦးကောင်း ကျဆုံးသွားရာ မင်းခေါင်နော်ရထာသည် အလောင်းဘုရား၏ အကြီးဆုံးလက်ရုံးကြီး ဖြစ်လာခဲ့သည်။

မုဆိုးဖိုရွာမှ အစပြု၍ နိုင်ငံတော်တည်ထောင်ရာတွင် ရှေ့ဆုံးမှ စွမ်းစွမ်းတမံ ပါဝင်ခဲ့ပြီး မွန်၊ ကွေ့၊ ကသည်း၊ ထားဝယ်၊ အင်္ဂလိပ်၊ ယိုးဒယား တို့နှင့် တိုက်ခိုက်ခဲ့ရသည်။

ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင် သူရဲကောင်းဆိုလျှင် သူ့ကိုပင် စံထားခဲ့ကြရလေသည်။

ယိုးဒယားမှ တပ်ဆုတ်ကြစဉ် ဆင်ဖြူရှင်က သူ့တပ်များကို ရိက္ခာဖြတ်ကာ မခေါ်ဘဲ ထားခဲ့သည်။ ထို့နောက် နေပြည်တော်တွင် မင်းပြုနေသော နောင်တော်ကြီးမင်းထံ ကုန်းတိုက်လျှောက်ထားသည်။

သို့သော် နောင်တော်ကြီးက မယုံဘဲ သူ့ကို ပြန်လာရန် အခေါ်လွှတ်သည်။ သူနှင့် တိုက်ဖော်တိုက်ဖက် သွေးသောက်ကြီး နေမျိုးရွှေတောင်ကိုမူ ကွပ်မျက်လိုက်သည်။

ထို့ကြောင့် မင်းခေါင်နော်ရထာကလည်း နောင်တော်ကြီးမင်းကို မယုံတော့ဘဲ နေပြည်တော်သို့ ပြန်မဝင်တော့ချေ။

နောင်တော်ကြီးက သူ့ကို ပရိယာယ်ဖြင့် ဖမ်းရန် တောင်ငူစား သတိုးသိင်္ခသူကို ခိုင်းသည်။ သတိုးသိင်္ခသူက သူ့ကို တောင်ငူရောက်ခိုက် တရားနာရန် ကြွရောက်ပါဟု ခေါ်လာသည်။

တရားဟောမည့် ဆရာတော်များကို တရားရှည်ရှည် ဟောရန် မှာထားပြီး ဗလမင်းထင် ဦးဆောင်သော အာမခံဗိုလ် ၆ ဦးအား တင်းတိမ်အတွင်း ပုန်းအောင်းနေစေသည်။

ဗလမင်းထင်တို့ကလည်း ”ငတွန်တစ်ဦးတည်း သူရဲကောင်းမဟုတ်၊ ငါတို့လည်း အလောင်းဘုရား၏ မြင်းရည်တက်သူရဲကောင်းများ ဖြစ်ကြသည်” ဟူ၍ လက်ရဖမ်းရန် အာမခံကြသည်။

တကယ်တမ်း မင်းခေါင်နော်ရထာ ရောက်လာသောအခါ ဓားကို မချဘဲ တရားနာသည်။

သတိုးသိင်္ခသူက ဓားချထားရန် ပြောသော်လည်း ”စစ်အတွင်းဖြစ်၍ ဓားမချသာ” ဟုသာ ဆိုသည်။

ဖမ်းမည့် သူရဲများမှာ သူအရင်ထွက် ကိုယ်အရင်ထွက်နှင့် မည်သူမှ မထွက်ရဲကြဘဲ ကြန့်ကြာနေရာ တင်းတိမ်ကိုကြည့်လျှက် တောင်ငူစား မျက်နှာပျက်နေသည်ကို မြင်သဖြင့် ရုတ်ချည်းထပြီး

”သည်းခံပါ။ သွားစရာရှိသေးသဖြင့် တရားတော်ကို ဆုံးအောင် မနာနိုင်တော့ပါ” ဟု ဆိုကာ တောင်ငူစား၏ အိမ်ပေါ် ဆင်ကပ်မှ သူ့ဆင်ကို လှမ်းခေါ်သည်။

ဆင်ရောက်လာသောအခါ ဆင်ပေါ်တက်၍ အိမ်ဝင်းအပြင် ထွက်မသွားသေးဘဲ စက်တိုင်ဆီ သွားကာ အတောင် ၈၀ မြင့်သော ပစ်ကွင်းကို လှံနှင့် ထိုးသွားသေးသည်။

ပစ်မှတ်ကို လှံစွဲ၍ ပြန်ဖြုတ်မရအောင် စူးဝင်နေမှ အေးဆေးစွာ ထွက်သွားသည်ကို တောင်ငူစားနှင့် လက်ရဖမ်းမည့် သူရဲဗိုလ်များ ငေးကြည့်နေကြရလေသည်။

နောင်တော်ကြီးမင်းသည် ပြည်ထောင်ဖက် ရဲဘော်ကြီးကို နှမျောလှ၍ အကြိမ်ကြိမ် လူလွှတ် ခေါ်စေသည်။

မင်းလှနော်ရထာ၊ စစ်ကိုင်း ဇေတဝန်ဆရာတော်၊ ကျော်ထင်နော်ရထာတို့ကို လွှတ်၍ ဖျောင်းဖျစေသည်။

သို့သော် ဗိုလ်တွန်က အင်းဝကို တလားပြုတော့မည် ဟု ဆိုကာ အင်းဝကိုသိမ်းပြီး အခိုင်အမာနေသဖြင့် ဘုရင့်တပ်များက အကြိမ်ကြိမ် လာတိုက်ကြသည်။

သို့သော် မင်းခေါင်နော်ရထာ ထွက်သည်နှင့်ပင် ကြောက်ရင်းစွဲရှိကြသဖြင့် တပ်ပျက်ပြီး ပြေးကြသည်က များ၏။

ကြာသော် မြို့တွင်းသားများ ငတ်မွတ်သဖြင့် အင်းဝမှ ထွက်ခဲ့သည်။

ထိုအခါ ဘုရင့်တပ်မှ ငယ်သူငယ်ချင်း သီရိရွှေတောင် လိုက်လာသည်ကို မြင်သဖြင့် ”ဟယ် ဘာ့ကြောင့် လိုက်လာသလဲ” ဟု မေးရာ

”မင်းကို ဖမ်းဖို့ လိုက်လာသည်” ဟု ဖြေသည်။

”သီရိရွှေတောင်၊ နင် ထမင်းကို မုန်းပြီထင်သည်” ဆို၍ လှံနှင့် လွှတ်လိုက်ရာ သီရိရွှေတောင်၏ လက်ယာဘက်ကို ပွတ်ကာ မြင်းကို သွားစိုက်နေသည်။ သီရိရွှေတောင် ပြန်ပြေးရတော့သည်။

ထို့နောက် ကန်သစ်ကြီးရွာအရောက် ဘုန်းကြီးကျောင်းတွင် တရားဝင်နာသည်။

ဘုရင့်တပ်များက ကျောင်းကို ဝိုင်းရံလာရာ ဘုန်းကြီးက စိုးရိမ်ကြောက်လန့်နေသဖြင့် မစိုးရိမ်ရန် သူကပင် ပြန်တရားချလိုက်သေးသည်။

တရားနာပြီး ကျောင်းပေါ်မှ အဆင်းတွင် လှံကိုမြှောက်ပြ၍ ကြုံးဝါးရာ ဘုရင့်တပ်များ ထွက်ပြေးကြပြန်သည်။

သို့သော် သူသည် ကိုယ်လွတ်ရုန်းပြေးတတ်သူ မဟုတ်သဖြင့် သားမယားနှင့် စစ်သည်ဗိုလ်ပါများကို ငဲ့နေရာ တပ်နောက်ဆုံးမှပင် လိုက်လေ့ရှိသည်။

အကျိုးဆက်ကား ဝက်လဲတောင်ကြားတွင် လမ်းပျောက်ကြလေတော့သည်။

ထို့ကြောင့် နောက်မှ လိုက်လာသော ဘုရင့်တပ်များကို ပြန်လည် ဖောက်ထွက်ကြရာ သူ့တပ် အကျအဆုံးများပြီး သူကိုယ်တိုင်လည်း ဆီးခြိုက်ကို သေနတ်မှန်လေ၏။

ဒဏ်ရာနှင့် တစ်ဦးတည်း ပြေးခဲ့ရင်း ချောင်းစပ်တစ်ခုတွင် နာကျင်သဖြင့် ညည်းညူရာ ငချစ်ကောင်း ဆိုသည့် ရဲမက်တစ်ဦး မြင်၍ နောက်မှတိတ်တဆိတ် ချည်းကပ်လာပြီး ချောင်းထဲတွန်းချသည်။

သို့သော် သတိမလွတ်သည့် မင်းခေါင်နော်ရထာက ပြန်၍ ဖမ်းထားလိုက်သဖြင့် နှစ်ဦးသား ချောင်းထဲ လိမ့်ကျပြီး လုံးထွေးနေသည်။

ငချစ်ကောင်းက ကြောက်လန့်တကြား ကယ်ပါ ယူပါ အော်သဖြင့် သေနတ်သမားများ ရောက်လာပြီး ဝိုင်းပစ်ကြလေတော့သည်။

သေအံ့မူးမူးဖြစ်နေချိန်တွင် ဦးခေါင်းကို ဖြတ်ယူလိုက်ကြရာ အလောင်းဘုရား၏ ကုန်းဘောင်ခေတ် အကြီးကျယ်ဆုံးသူရဲကောင်းကြီးမှာ ဘဝနိဂုံးချုပ်ခဲ့ရလေသည်။

credit

Leave a Reply

Your email address will not be published. Required fields are marked *