လွှတ်တော်ကိုယ်စားလှယ်များရှိသည့် စည်ပင်ဧည့်ရိပ်သာကို တပ်မတော်ကပိတ်ထား

တတိယအကြိမ် လွှတ်တော်များအတွက် ပြည်သူ့လွှတ်တော် စတင်မည့် ယနေ့တွင် နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်သည့် စည်ပင် ဧည့်ရိပ်သာကို တပ်မတော်က အဝင်အထွက် ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် နံနက် ၃ နာရီခန့်တွင် ဖုန်းနှင့် အင်တက်နက်လိုင်းများ စတင် ဖြတ်တောက်ခဲ့သည်။ယခုအခါ နေပြည်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်များ နေထိုင်သည့် စည်ပင်ဧည်ရိပ်သာ၏ ခြံစည်းရိုး အပြင်ဘက်တွင် စစ်သားများ စောင့်လျက်ရှိသည်။

တပ်မတော် ရဟတ်ယာဉ်တစီးသည် နေပြည်တော် လွှတ်တော်၊ သမ္မတအိမ်တော် အဆောက်အဦများပေါ်သို့ ယနေ့ နံနက်ပိုင်းတွင် ပျံဝဲနေသည်ကို တွေ့ ရသည်။

သမ္မတအိမ်တော် အဝင်လမ်း၊ လွှတ်တော် အဝင်လမ်းများကို ပိတ်လိုက်ထားပြီး တင့်ကားများ၊ စစ်ဝတ်စုံ အပြည့် ဝတ်ဆင်ထားသည့် စစ်သားများကိုလည်း တွေ့ရသည်။

ယခင် လွှတ်တော်အဆောက်အဦများ ရှိသည့် ရာဇဌာနေ လမ်းမကြီး အဝင်လမ်းကို ရဲတပ်ဖွဲ့က စောင့်ကြပ်နေသော်လည်း ယနေ့တွင် တပ်မတော်က တာဝန်ယူစောင့်ကြပ်လျက်ရှိသည်။

တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ယနေ့နေ့လယ် ၁၂ နာရီတွင် ပြန်ဖွင့်ပေးခဲ့သော်လည်း လိုင်းအပြည့်အဝ အသုံးပြုနိုင်ရန် အခက်အခဲများ ရှိနေသည်။

ယခု အခြေအနေနှင့် ပတ်သက်၍ တပ်မတော်၏ အကြောင်းပြချက်မှာ ရွေးကောက်ပွဲတွင် မဲစာရင်းများ ကွာဟမှုကို ကော်မရှင်က ဖြေရှင်းပေးရန် ကွက်ပျက်ခဲ့ကြောင်း၊ မဲစာရင်း ပြဿနာ ဖြေရှင်းရန် လွှတ်တော်များကို ရွေ့ဆိုင်းမှု မရှိခဲ့ကြောင်း၊ ထို့ကြောင့် အခြေခံ ဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို အဓမ္မနည်းဖြင့် ရယူဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်းနှင့် ဓာတ်ပုံ – ဧရာဝတီ

Leave a Reply

Your email address will not be published. Required fields are marked *