ခရီးသည်တင် လေယာဉ် ပျက်ကျတဲ့ နေရာကို ရှာတွေ့ထားပြီလို့ အင်ဒိုနီးရှား ရေတပ်ကြေညာ

ပျောက်ဆုံးနေတဲ့ ခရီးသည်တင် လေယာဉ်ဟာ ပျက်ကျသွားတာ ဖြစ်ကြောင်းနဲ့ လေယာဉ်ပျက်ကျတဲ့ နေရာကို ရှာတွေ့ပြီဖြစ်ကြောင်း အင်ဒိုနီးရှား ရေတပ်က အတည်ပြု ကြေညာခဲ့ပါတယ်။

ဆရီဝီဂျာယာ လေကြောင်းပိုင် Boeing 737 လေယာဉ်ဟာ ဇန်နဝါရီ ၉ ရက်မှာ ဂျကာတာမြို့တော်ကနေ ပျံတက်သွားပြီး မိနစ်ပိုင်း အကြာမှာပဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ လေယာဉ်ရဲ့ ပျံသန်းမှု လမ်းကြောင်းကို လေ့လာ စစ်ဆေးခဲ့တဲ့နောက် အဲဒီလေယာဉ်ဟာ ပင်လယ်ပြင် အထက်မှာ ဖြတ်ပျံနေရင်း တစ်မိနစ် မပြည့်ခင် အချိန်အတွင်း ပေတစ်သောင်းကျော်လောက် အရှိန်နဲ့ ထိုးကျသွားကြောင်း ဖော်ထုတ် တွေ့ရှိထားပါတယ်။ လေယာဉ်ပေါ်မှာတော့ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၆၂ ဦး လိုက်ပါသွားကြပါတယ်။

လေယာဉ်က အနောက် ကာလီမန်တန်မှာရှိတဲ့ ပွန်တီရာနက်ခ်မြို့ကို ဦးတည်ပျံသန်းခဲ့ပေမယ့် လေယာဉ်ကွင်းက တက်ပြီး ၄ မိနစ် အကြာမှာတင် လေကြောင်းထိန်းသိမ်းရေး မျှော်စင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်တော့ လေယာဉ်က အကြွင်းအကျန် အစိတ်အပိုင်းတွေလို့ ယုံကြည်ရတဲ့ အပျက်အစီးတွေ မျောပါနေတဲ့ ရေပြင် ဧရိယာကို တွေ့ရှိထားပြီး သင်္ဘော ၁၀ စီးလောက်က အသက်ရှင် ကျန်ရစ်သူတွေကို ဖြန့်ကျက် ရှာဖွေနေပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ် ပါသွားသူတွေအတွက် မျှော်လင့်ချက်ကတော့ အရမ်းနည်းပါးသွားပါပြီ။

ဂျကာတာ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ယူဆရီ ယူနက်စ်က လောလောဆယ် ရှာဖွေရေး အဖွဲ့တွေဆီက ပေးပို့ထားတဲ့ အိတ်နှစ်လုံးကို လက်ခံ ရရှိထားကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ အိတ်တစ်လုံးထဲမှာ ခရီးသည်တွေရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေ စုထည့်ထားပြီး နောက်အိတ် တစ်လုံးထဲမှာတော့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပါဝင်နေတယ်လို့ သူက ဆိုပါတယ်။ ရှာဖွေ တွေ့ရှိသမျှကို သရုပ်ခွဲ ဆန်းစစ်တဲ့ လုပ်ငန်းစဉ်ကို စတင် ဆောင်ရွက်နေပြီလို့လည်း ယူဆရီက အတည်ပြုသွားပါတယ်။

အခုပျက်ကျသွားတဲ့ လေယာဉ်ဟာ လေကြောင်းထိန်းသိမ်းရေး မျှော်စင်နဲ့ အဆက်အသွယ် မပြတ်ခင်ထိ အရေးပေါ် အကူအညီ တောင်းခံတာမျိုး မရှိခဲ့ပါဘူး။ လေယာဉ် ပျက်ကျတဲ့အချိန် အနီးတဝိုက် ပင်လယ်ပြင်မှာ ရှိနေသူတွေက ပေါက်ကွဲသံကြီး တစ်ကြိမ်၊ တချို့ကလည်း နှစ်ကြိမ်လောက် ကြားလိုက်ရကြောင်း ပြောပါတယ်။ လေယာဉ် ပျက်ကျရာ ရေပြင်လို့ သတ်မှတ်ထားတဲ့ ဧရိယာတဝိုက် ကမ်းခြေတွေမှာ နေထိုင်သူတွေကလည်း ဇန်နဝါရီ ၉ ရက် ညနေပိုင်းလောက်ကစပြီး လေယာဉ်ဆီကလို့ ယုံကြည်ရတဲ့ အစိတ်အပိုင်းတွေနဲ့ လူသုံးပစ္စည်းတွေ မျောပါလာတာ တွေ့ရှိတဲ့အခါ ရဲတပ်ဖွဲ့ဆီ ဆက်သွယ် သတင်းပေးနေကြောင်း သိရပါတယ်။

ဓာတ်ပုံ-EPA

7Days

Leave a Reply

Your email address will not be published. Required fields are marked *