ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဂျော်ဒန်နှင့် အိန္ဒိယမှ ပြန်ရောက်လာသူ ၆၆ ဦးတွင် COVID-19 ပိုးတွေ့ရှိသဖြင့် အသွားအလာကန့်သတ်ခြင်း တင်းကျပ်စွာဆောင်ရွက်ထား

ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဂျော်ဒန်နှင့် အိန္ဒိယမှ ပြန်ရောက်လာသူ ၆၆ ဦးတွင် COVID-19 ပိုးတွေ့ရှိသဖြင့် အသွားအလာကန့်သတ်ခြင်း တင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဇန်နဝါရီ ၃ ရက်မှ ၄ ရက်အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၉၉၀ ခု စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၉၀ တွေ့ရှိခဲ့ကြောင်း၊ ဒီဇင်ဘာ ၄ ရက်တွင် သေဆုံးသူ ၁၆ ဦးရှိပြီး ၎င်းတို့အနက် ရောဂါအခံရှိသူ ၁၄ ဦး ပါဝင်ကြောင်း သိရသည်။

ဇန်နဝါရီ ၃ ရက်က တွေ့ရှိခဲ့သော ပိုးတွေ့လူနာများအနက် ကမာရွတ်မြို့နယ်မှ ၆၃ ဦးသည် ဂျော်ဒန်နိုင်ငံမှလည်းကောင်း ၊ အလုံမြို့နယ်မှ နှစ်ဦးနှင့် ကော့သောင်းမြို့နယ်မှ တစ်ဦးသည် အိန္ဒိယနိုင်ငံမှလည်းကောင်း ပြန်လည်ရောက်ရှိလာသဖြင့် ၎င်းတို့အား အသွားအလာ ကန့်သတ်ထားရှိခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တင်းကျပ်စွာဆောင်ရွက်ထားသည်။

“ ကျွန်တော်တို့ ရန်ကုန်တိုင်းကျန်းမာအနေနဲ့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်မှုတွေကို နာခံပြီး အခုဆိုရင် ဗီဇပြောင်းပိုးအသစ်နဲ့ပတ်သက်ပြီး အလွန်ပဲစိုးရိမ်နေပါတယ်။ ပြည်သူလူထုကို တတိယအကြိမ် Third Wave ကြီး ရောက်မလာဖို့အတွက် ပြည်ထောင်စုဝန်ကြီးကလည်း ကျွန်တော်တို့ ရန်ကုန်တိုင်းဆို အမြဲတမ်းတိုက်တွန်းအား ပေးပြီးတော့ လမ်းညွှန်မှုပြုနေတာပါ။ ကမ္ဘာ့နိုင်ငံအသီးသီးက ပြန်လာတဲ့သူတွေအားလုံးကို Quarantine ၁၄ ရက် Hotel သို့မဟုတ် Facility Quarantine မှာ ကျွန်တော်တို့ ထားရှိဆောင်ရွက်ပါမယ်။ COVID Third Wave မဖြစ်ပေါ်ရေးက ကျွန်တော်တို့အတွက် အသက်တမျှအရေးကြီးပါတယ်။ ဒါကြောင့်မို့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အသစ်ကလည်း အနောက်နိုင်ငံတွေနဲ့ အာရှနိုင်ငံအချို့ကို ရောက်လာကြပြီ။ ဒါကို ပြည်သူလူထုကို အသိပေးလိုပါတယ်။ ရောဂါပြင်းထန်မှုကတော့ ပိုပြီးပြင်းထန်တယ်လို့ကတော့ တွေ့ရှိရတာမရှိရဘူးပေါ့လေ။ အခုပိုးအသစ်က ကူးစက်မှု အဆပေါင်းများစွာ မြန်လာတာကို ပြည်သူလူထုက ပိုအလေးထားပြီး ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ပိုမိုလိုက်နာဖို့ အထူးလိုပါတယ်။ ဒါတွေကလည်း ထွေထွေထူးထူး မဟုတ်ပါဘူး။ ဒါတွေကလည်း Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ တစ်ဦးကို တစ်ဦး အသိပေးပါ။ သတိပေးပါ။ ဒါတွေကို ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ Third Wave ကြီး မဖြစ်ပေါ်ရေး တတိယလှိုင်းကြီး မဖြစ်ပေါ်လာရေးအတွက် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါလို့ ပြည်သူလူထုအားလုံးကို တိုက်တွန်းချင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာသူများအား ဇန်နဝါရီမှစ၍ Hotel Quarantine/Facility Quarantine ၁၄ ရက်ထားရှိမည်ဖြစ်ပြီး ၎င်းတို့အား နှစ်ကြိမ် ဓာတ်ခွဲနမူနာယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားသည်။

ယခင်က ဒီဇင်ဘာ ၇ ရက်မှစတင်ပြီး နိုင်ငံခြားမှ ပြန်လာသူများအား Hotel Quarantine/Facility Quarantine အား ခုနစ်ရက်နေထိုင်ခိုင်းပြီး Negative အဖြေထွက်ပါက နေအိမ်သို့ ပြန်လွှတ်ကာ နေအိမ်တွင် Quarantine ခုနစ်ရက် စုစုပေါင်း ၁၄ ရက်နေထိုင်ခိုင်းသည်ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

“ ကျွန်တော်တို့နိုင်ငံအနေနဲ့ကတော့ Relief Flight တွေနဲ့ပြန်လာကြတဲ့ နိုင်ငံခြားပြန်တွေကလည်း ကျွန်တော်တို့မှာ ရှိနေတာဖြစ်ပါတယ်။ အခုလက်ရှိဆောင်ရွက်ခဲ့တာကတော့ ဒီဇင်ဘာ ၇ ရက်နေ့ကနေစပြီးတော့ Quarantine ဝင်တာပေါ့။ Hotel Quarantine/Facility Quarantine ဝင်ဝင် လာချင်းမှာပဲ ဒီနေရာတွေမှာ ခုနစ်ရက်ထားပါတယ်။ RT PCR နည်းနဲ့စစ်လိုက်လို့ Negative ဆိုရင်တော့ အိမ်ကိုပြန်လွှတ်ပြီးတော့ အိမ်မှာ Home Quarantine ခုနစ်ရက် စုစုပေါင်း ၁၄ ရက် Quarantine စနစ်ကို ကျင့်သုံးခဲ့တာဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ထို့ပြင် ဒီဇင်ဘာ ၂၉ ရက်မှ စတင်ပြီး UK မှ ပြန်လာလျှင် Hotel Quarantine/Facility Quarantine ၁၄ ရက် ထားရှိခဲ့ကြောင်း၊ ဇန်နဝါရီမှစ၍ မည်သည့် နိုင်ငံမှ ပြန်လာသည်ဖြစ်စေ Hotel Quarantine/Facility Quarantine ၁၄ ရက် ထားရှိမည်ဖြစ်ကြောင်း ဒေါက်တာထွန်းမြင့်က ဆက်လက်ပြောကြားသည်။

“ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်ကစပြီးတော့ UK ကပြန်လာတာဆိုရင် ၁၄ ရက် Hotel သို့မဟုတ် Facility Quarantine ထားရှိဆောင်ရွက်နေပါတယ်။ အခု ဇန်နဝါရီ ၂ ရက်ကစပြီးတော့ နိုင်ငံခြားက ပြန်လာတဲ့ သူတွေအားလုံး UK ကပဲ ပြန်ပြန်၊ အမေရိကန်ကပဲပြန်ပြန်၊ ဂျပန်ကပဲပြန်ပြန်၊ ကိုရီးယားမှာလည်း တွေ့နေပြီ။ အိန္ဒိယမှာလည်း တွေ့နေပြီဆိုတော့ ကမ္ဘာအနှံ့ ဘယ်နိုင်ငံကပဲ ကျွန်တော်တို့နိုင်ငံထဲ ပြန်လာသည်ဖြစ်စေ Hotel သို့မဟုတ် Facility Quarantine ၁၄ ရက် ထားရှိဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Source by eleven

Leave a Reply

Your email address will not be published. Required fields are marked *