အချိန်တိုင်း တရားရှုမှတ်တတ်ဖို့

December 2,2020

တရားထိုင်တယ်၊ တရားအားထုတ်တယ်၊ ဝိပဿနာရှုမှတ်တယ်လို့ ဆိုကြရာမှာ တချို့က ဘုရားစင်ရှေ့ထိုင်ပြီး ရှုမှတ်နေတာ တစ်မျိုးတည်းကို ထင်တတ်ကြပါတယ်။ တကယ်တော့ ဝိပဿနာရှုမှတ်တယ်ဆိုတာက ဘယ်လိုဣရိယာပုဒ်မှာပဲဖြစ်ဖြစ် အလုပ်လုပ်နေရင်းနဲ့လည်း ရှုမှတ်နေလို့ ရပါတယ်။

လူအများစုဟာ နေ့စဉ်နဲ့အမျှ စား၀တ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတော့ အချိန်ပိုမရှိလို့ တစ်နေ့မှာ တစ်နာရီလောက် တရားထိုင်နိုင်ဖို့ကိုတောင် မနည်းကြိုးစားနေရပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ နာရီ၀က် ဒါမှမဟုတ် တစ်နာရီလောက်သာ တရားထိုင်ပြီး ကျန်တဲ့အချိန်တွေမှာတော့ လုံး၀တရားမရှုမှတ်ဘဲ ဒီအတိုင်းနေမယ်ဆိုရင် တစ်နေ့တာမှာ အကုသိုလ်အညစ်အကြေးတွေ ကင်းစင်တဲ့အချိန်လေးက နည်းလွန်းပြီး လောဘ၊ ဒေါသ၊ မောဟ ဖုံးလွှမ်းနေတဲ့အချိန်တွေက မနှိုင်းယှဉ်သာလောက်အောင် များပြားလွန်းနေမှာပါ။

လူတိုင်းဟာ ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် အချိန်မရွေး သေနိုင်တဲ့အတွက် တရားထိုင်ဖို့ အချိန်ရမှ တရားရှုမှတ်မယ်ဆိုရင်တော့ တရားမှတ်ရင်း လောဘ၊ ဒေါသ၊ မောဟတွေ ကင်းစင်နေတဲ့အချိန်မှာ သေဖို့ထက် လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေတုန်း သေမယ့်အခြေအနေက ပိုများနေပါတယ်။ အဲဒီတော့ အပါယ်လေးပါးရောက်ဖို့ အခြေအနေ အခွင့်အလမ်းကလည်း များပြားနေပါတယ်။

ဒါကြောင့် နေ့စဉ်နဲ့အမျှ လှုပ်ရှားသွားလာလုပ်ကိုင်စားသောက်နေထိုင်ရင်း တတ်နိုင်သမျှ တရားရှုမှတ်တတ်အောင် ဆရာတော်အရှင်ပုညာနန္ဒ ဟောကြားတော်မူခဲ့တဲ့ အလုပ်ပေးတရားတွေထဲကနေအကျဉ်းချုပ်ကိုကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

အချိန်ပြည့် မရှုမှတ်နိုင်သေးရင်တောင် တစ်ချက်တစ်ချက် အသိလေးကိန်းလိုက်ရင် ကိလေသာအညစ်အကြေးတွေဟာ တစ်ချက်ရှု တစ်ချက်စင်ကြယ်တာမို့ တန်ဖိုးဖြတ်လို့ မရပါဘူး။

❝ ထိုင်တဲ့အခါမှာ တရားရှုမှတ်ပုံ ❞

ထိုင်တဲ့နေရာမှာထိုင်ခိုက် ထိတဲ့အပိုင်းလေးတွေမှာ ထင်ရှားတဲ့အမူအရာလေးတွေက နာတယ်၊ ကျင်တယ်၊ ထုံတယ်၊ ကိုက်တယ်၊ စူးတယ်၊ ပူတယ်၊ အေးတယ်၊ မလာဘူးလား။ အဲဒီလာတဲ့သဘောတရားလေးတွေကို အာရုံလေးစိုက်ရင် ပူတဲ့သဘောကလည်း ရုပ်တရား၊ အေးတဲ့သဘောကလည်း ရုပ်တရား၊ နာတာ၊ ကျင်တာ၊ ထုံတာ၊ ကိုက်တာလည်း ရုပ်တရား၊ အဲဒီ နာတဲ့၊ ကျင်တဲ့၊ ထုံတဲ့၊ ကိုက်တဲ့သဘောလေးတွေကျတော့ မျက်စိနဲ့ မမြင်ရဘူး။ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်နဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ထည်ကြီးကတော့ မျက်စိနဲ့ မြင်ရတယ်။

တရားနှလုံးသွင်းတယ်၊ တရားရှုတယ်၊ ဝိပဿနာအလုပ်လုပ်တယ်ဆိုတာ ဒီကိုယ်ထည်ကြီးကို ကြည့်တာမဟုတ်ပါ။ ဒီကိုယ်ထည်ပေါ်မှာ အကြောင်းဆုံလို့ ပြလာတဲ့ နာတတ်တဲ့သဘော၊ ကျင်တတ်တဲ့သဘော၊ ကိုက်တတ်တဲ့သဘော၊ အောင့်တတ်တဲ့သဘော၊ စူးတတ်တဲ့သဘော၊ တုန်တတ်တဲ့သဘော၊ ခုန်တတ်တဲ့သဘော၊ မူးတတ်တဲ့သဘော၊

ဒီသဘောတရားလေးတွေကို ကြည့်မှာ။

အဲဒီသဘောတရားလေးတွေ ပေါ်တိုင်းပေါ်တိုင်းမှာ
ဖောက်ပြန်တဲ့သဘော ရုပ်တရားရဲ့အရှုခံ ပေါ်တိုင်းပေါ်တိုင်းကို အသိတရားလေး ကိန်းလိုက် ကိန်းလိုက်တဲ့အခိုက်မှာ လောဘ၊ ဒေါသ၊ မောဟ လာဦးမလား။ (မလာတော့ပါဘူးဘုရား) အကုသိုလ်အညစ်အကြေးတွေရော ကိန်းဦးမလား။ (မကိန်းတော့ပါဘူးဘုရား) ဒီအချိန်လေး တစ်ချက်ရှု တစ်ချက်မစင်ကြယ်ဘူးလား။

ဘာနဲ့နေလို့။တရားနဲ့နေလို့။ တရားနဲ့နေတဲ့ပုဂ္ဂိုလ်မှာ မတရား လာပါ့မလား။ ဒါဖြင့် ထိုင်တဲ့အချိန်အခါမှာ ပေါ်တဲ့ အရှုခံလေးတွေကို သတိထားဆင်ခြင်နေရင် တရားနဲ့နေတတ်သွားပြီ။

ဒါကြောင့် ထိုင်တဲ့နေရာမှာ အဲဒီလို ထင်ရှားတဲ့အရာလေးတွေ ပေါ်တိုင်းပေါ်တိုင်း ရုပ်တရား၊ ပူတာ၊ အေးတာ၊ လှုပ်တာ၊ နာတာပေါ်နေရင် ရုပ်တရား၊ တစ်နည်းပြောရင် ဟောဒီကိုယ်နဲ့ဆက်ပြီး ပေါ်နေရင် ရုပ်တရား၊ စိတ်နဲ့ဆက်ပြီးတော့ အတွေးအာရုံလေးတွေရော မလာဘူးလား။ တွေးတဲ့စိတ်ကို အာရုံပြုရင် နာမ်။ ကြံစည်တဲ့သဘောတွေရော မလာဘူးလား။

ကြံစည်တဲ့သဘောကို ဉာဏ်နဲ့လိုက်ရင် နာမ်။ ပျော်ရွှင်တဲ့သဘော၊ ၀မ်းသာတဲ့သဘော၊ ၀မ်းနည်းတဲ့သဘော၊ လိုချင်တဲ့သဘော … ဘာတွေပဲလာလာ၊ စိတ်နဲ့ဆက်ပြီး ပြနေတာသည် နာမ်။

ဘုရားပွင့်မှ ယနေ့ဟောကြားတဲ့တရားတွေကို နာယူတဲ့အခိုက်မှာ ဒါက ရုပ်တရား၊ ဒါက နာမ်တရားလို့ သိခွင့်ရတယ်။ ဘုရားမပွင့်ရင် သိပါ့မလား။ ဘုရားပွင့်လို့ ဘုရားဟောမှ သိရတဲ့တရား၊ ဒါက ရုပ်၊ ဒါကနာမ်လို့ ပိုင်းခြားပြီးတော့ အခုပြောလိုက်တော့

လှုပ်တာ၊ အေးတာ၊ ပူတာ၊ နာတာ ရုပ်တရား၊ တွေးတာ၊ ကြံတာ၊ လိုချင်တာ၊ တပ်မက်တာက နာမ်တရား၊ အဲဒီတရားကို အခုအချိန်တိုအတွင်းလေးမှာ နာလိုက်ရတယ်။

နာလိုက်ရလို့ သြော် ဘယ်ဟာက ရုပ်၊ ဘယ်ဟာက နာမ် ခွဲခြားပြီးပြောလိုက်လို့ သဘောပေါက် ဉာဏ်ရောက်ပြီး ဒါလေးပေါ်မှာ အလိုက်သင့်လေး နှလုံးသွင်းရင် ရုပ်ကို ရုပ်မှန်းသိရင်၊ နာမ်ကို နာမ်မှန်းသိရင် သိတဲ့အခိုက်မှာ အကုသိုလ်တရားတွေ ကင်းပျောက်ပြီး ကုသိုလ်တရားတွေနဲ့ ကိုယ်က နေသလို သူတော်စင်များရဲ့ သန္တာန်မှာ အသိဉာဏ်လေး ကိန်းခိုက်ကိန်းခိုက်မှာ ကိလေသာ မကပ်တဲ့အတွက်ကြောင့်မို့ စင်ကြယ်တဲ့အသိဉာဏ်လေးကိန်းပြီးတော့ တရားနဲ့နေတတ်သွားတယ်။

ကဲ ထိုင်တဲ့အချိန်မှာလည်း တရားနဲ့ အသိလေးကိန်းပြီး နေပုံနေနည်းလေး သိသွားတဲ့အတွက် နေတတ်ထိုင်တတ်သွားပြီ။

❝ ရပ်တဲ့အခါမှာ တရားရှုမှတ်ပုံ ❞

ကဲ ဒီကနေပြီး ရပ်လိုက်တယ်။ နဂိုတုန်းက ရပ်တဲ့အခါမှာ အမှုမဲ့အမှတ်မဲ့ အဝိဇ္ဇာနဲ့ရပ်ပေမယ့် အခုအသိဉာဏ်လေးကိန်းပြီး ရပ်မယ်ဆိုတော့ ရပ်လိုက်တဲ့အခါမှာ အမူအရာလေးတွေကို ကြည့်လိုက်ရင် တောင့်တာ၊ တင်းတာ၊ ညောင်းတာ၊ ကိုက်တာ၊ ခဲတာ မလာဘူးလား။ ဒီသဘောလေးတွေသည် ဟောဒီကိုယ်နဲ့ဆက်ပြီးတော့ ရပ်တဲ့အခါမှာလည်း မပြဘူးလား။

ပြတာလေးတွေသည် ရုပ်တရား၊ ဒါလေးတွေကို ရုပ်တရား၊ ရုပ်တရားလို့ အသိဉာဏ်လေးလိုက်တိုင်း လိုက်တိုင်း သူတော်စင်များရဲ့ သန္တာန်မှာ သတိပဋ္ဌာန်လေးတွေ ကိန်းတဲ့အတွက်ကြောင့် ဒီအချိန်မှာ တရားနဲ့ နေသွားတယ်။

တရားနဲ့နေရင် မတရားတွေ ဝင်သေးသလား။ အရှုခံတရားပေါ်မှာ အသိဉာဏ်လေး ကိန်းတဲ့အတွက်ကြောင့် စကားပြောချင်တဲ့စိတ်တောင် ပေါ်သေးရဲ့လား။ ရပ်တဲ့အခါမှာလည်း တရားရှုလို့ ရတယ်။

အဲဒီအချိန်မှာ လှစ်ခနဲ အတွေးလေးပေါ်ရင် နာမ်တရား၊ ကိုယ်က ပျော်နေတယ်ဆိုရင် နာမ်တရား၊ နာမ်တရားလေးပေါ်ရင် နာမ်လို့သိလိုက်မယ်။

ရုပ်တရားလေးပေါ်ရင် ရုပ်လို့သိလိုက်မယ်။ ဒီအသိလေး ဒီအသိလေး ကိန်းတဲ့အချိန်မှာ တရားလေးနဲ့ ကိုယ်က နေတတ်သွားတယ်။ ရပ်တဲ့အခါမှာလည်း တရားနဲ့နေတတ်အောင် နှလုံးသွင်းရမှာနော်။ ဒါအတိုချုံး သင်ပေးနေတာပါ။

❝ သွားတဲ့အခါမှာ တရားရှုမှတ်ပုံ ❞

အခု လာတဲ့အခါ အရှုခံနဲ့ အရှုဉာဏ်ကိန်းပြီး လာတာလား၊ သတိလက်လွတ်ပဲလား။ သတိလက်လွတ်လာရင် အဲဒီအချိန် ဘာနဲ့လာကြ၊ မတရားနဲ့။ အဝိဇ္ဇာဖုံးနေရင် မတရားနဲ့လာတာ၊ တဏှာတွေနဲ့လာရင် မတရားနဲ့လာတာ။

အဲဒီတော့ တရားလေးနဲ့ လာတတ်၊ တရားလေးနဲ့ ပြန်တတ်အောင် သွားတဲ့အခါမှာ အများကြီး မမှတ်နဲ့ဦး။ ခြေတစ်လှမ်းကို ချလိုက်တယ်။ ထိသွားတဲ့နေရာလေးမှာ အေးတယ်၊ ပူတယ်၊ တင်းတယ်၊ တောင့်တယ် မပြဘူးလား။

ကဲ ထိလိုက်လို့များ အေးခနဲပေါ်ရင် ရုပ်တရား၊ တင်းတဲ့သဘောလေးပေါ်ရင် ရုပ်တရား၊ ပူတဲ့သဘောလေးပေါ်ရင် ရုပ်တရား၊ ကြမ်းတဲ့သဘောလေးပေါ်ရင် ရုပ်တရား၊ နူးညံ့တဲ့သဘောလေးပေါ်ရင် ရုပ်တရား၊ ဒါဖြင့် တစ်လှမ်းကိုတစ်ခါသိလို့များ ကိုယ့်အသိလေးကိန်းသွားရင် ဒီအချိန်မှာ ကိလေသာမစင်ဘူးလား။

နဂိုတုန်းက အိမ်ကလာခဲ့တုန်းက ကိလေသာထုတက်ခဲ့တာနော်။ တစ်လှမ်းတိုင်း တစ်လှမ်းတိုင်းမှာ အဲဒီအသိလေး တစ်ချက်တစ်ချက်ကိန်းပြီးတော့များ သွားမယ်ဆိုရင် တရားနဲ့ မနေတတ်သွားဘူးလား။ လာတုန်းက မတရားနဲ့ လာခဲ့ပေမယ့် အပြန်မှာ တရားနဲ့ပြန်မယ်။

ကိုယ်ရဲ့ဥစ္စာပစ္စည်းတွေသည် အားကိုးရပါ့မလား။ မွေးထားတဲ့သားတွေ သမီးတွေရော အားကိုးရပါ့မလား။ အခုကိုယ်ကြိုးစားနေတဲ့ တရားကျတော့ အားကိုးလို့ရတယ်။ အားကိုးထိုက်တဲ့တရားကို အချိန်ခြားလုပ်မှာလား၊ အချိန်တိုင်း ကြိုးစားရမှာလား။

(အချိန်တိုင်း ကြိုးစားရမှာပါဘုရား) အချိန်တိုင်းကြိုးစားနိုင်အောင်လည်း အမူအရာမလပ် သင်ပေးလိုက်ပြီ။ ထိုင်တဲ့အခါမှာ ရှုပုံ၊ ရပ်တဲ့အခါမှာ နှလုံးသွင်းပုံ၊ သွားတဲ့အခါမှာ အသိလေးကိန်းပုံ …

ကိုယ့်နေရာလေးကိုယ်ရောက်တဲ့အခါကျတော့ ကိုယ့်အိပ်ရာလေးကိုယ် ခင်းမယ်၊ ခြင်ထောင်လေးတွေကို ထောင်မယ်၊ အဲဒီအချိန်အခါမှာ ခြင်ထောင်လေးတွေကို ကိုင်ရင် ကိုင်မှန်းသိမယ်၊ ကြိုးလေးတွေ ချည်ရင်ချည်မှန်း သိမယ်၊

ခြင်ထောင်လေးတွေကို မရင်မမှန်းသိမယ်၊ စောင်လေးတွေကို ခင်းရင်ခင်းမှန်းသိမယ်၊ ခြုံရင်ခြုံမှန်းသိမယ်ဆိုရင် လှုပ်ရှားတဲ့အမူအရာလေးတွေကို တစ်သိပြီးတစ်သိ သိနေတဲ့အခိုက်မှာ သတိပဋ္ဌာန်လေးကိန်းတဲ့အတွက် တရားလေးကိန်းနေတယ်။

❝ လဲလျောင်းတဲ့အခါမှာ တရားရှုမှတ်ပုံ ❞

လျောင်းလိုက်ပြန်တော့လည်း ပက်လက်လေးလှန်ထားမယ်ဆိုရင် ကျောနဲ့ထိနေတဲ့အရာ၊ ဒါမှမဟုတ် တစောင်းလေးစောင်းထားတယ် ဆိုရင်လည်း ထိတွေ့နေတဲ့နေရာလေးတွေမှာ တင်းတာ၊ တောင့်တာ၊ ပူတာ၊ အေးတာ မလာဘူးလား။

ဘာပဲပေါ်ပေါ် ရုပ်တရား၊ ဒီအချိန်အခါမှာ တစ်ခုခုကို အတွေးလေးရောက်ရင်၊ တွေးတာလေးပေါ်လို့ သိလိုက်ရင် နာမ်တရားပဲနော်။ အဲဒီတော့ ရုပ်ပေါ်ရင် ရုပ်မှန်းသိရင်၊ နာမ်ပေါ်ရင် နာမ်မှန်းသိရင် တရားနဲ့နေတာ။

နဂိုတုန်းက ဘယ်လောက်ပဲ အမှုမဲ့အမှတ်မဲ့နဲ့ သတိလက်လွတ် နေခဲ့ပါစေ၊ အခုလို သတိလေးထားပြီး အသိလေးကပ်ဖို့အတွက် သင်ပေးတဲ့အခါမှာ တရားနဲ့နေတတ်အောင် ကြိုးစားကြပါ။

အရှင်ပုညာနန္ဒ (ပုညာရာမမိုးကုတ်ဝိပဿနာကျောင်းတိုက်)
credit:

Leave a Reply

Your email address will not be published.